Saturday, May 19, 2012

မွန်တို့၏ ရှေ့ဆောင် ဒေါက်တာနိုင်ပန်းလှ


သမိုင်းဆရာသည် ကရုဏာ၊ စေတနာ မပိုရ။ ဒေါသလည်း မဖြစ်ရပါ။ လိုရာဆွဲပြီး ဖန်တီးထားသည့် အချက်ပါလျှင်
အပြစ်ရှိသည်။ အမှန်ကို ထိမ်ချန်လျှင်လည်း အပြစ်ရှိသည်။ မည်သည့်သမိုင်းတွင်မဆို ဝိဝါဒကွဲပြားမှုများ ရှိစမြဲပင်။
သို့သော် ထာဝရအမှန်တရားဟု မည်သည့်သမိုင်းကြောင်းတွင်မှ မရှိ။ မည်သည့်သမိုင်းကြောင်းမှ အပြည်စုံဆုံးဟူ၍
မဆိုနိုင်။ တခါတရံ၌ သမိုင်းဆရာသည် ဟောကိန်းထုတ်တတ်သည်။



(၂)
၂၀၀၂ ခုနှစ်၊ သွေးဆေးကန် မွန်ကျောင်းတိုက်၊ ဗဟန်း။
“မွန်ဘာသာစကားကို စနစ်တကျ ထိန်းသိမ်းသွားတာမရှိရင် နောင်အနှစ် (၄၀) အတွင်းမှာ ပျောက်ကွယ်သွားနိုင်တယ်”
ဟူ၍ မွန်ကျမ်းပြုဆရာ ပါမောက္ခ ဒေါက်တာ နိုင်ပန်းလှက သွေးဆေးကန် မွန်ကျောင်းတိုက်ရှိ မွန်လူငယ်များနှင့် တွေ့ဆုံ
ပွဲလေး တပွဲတွင် စတင်ဟောကိန်းထုတ်ခဲ့သည်။


ထိုသတိပေးချက်သည် မွန်လူမျိုးတို့အတွက် စိန်ခေါ်မှုတရပ်ဖြစ်သကဲ့သို့ အဖြေမဲ့သေးသည့် ပုစ္ဆာတပုဒ်လို ဖြစ်နေဆဲပင်။
“ကျနော် ရူးနေတယ်လို့ တချို့က ဆိုချင်ဆိုကြပါစေ။ ကျနော် အသက်ရှင်နေသရွေ့ ကျနော့်ကိုယ်ပိုင်ဘာသာစကား
ပျောက်ကွယ်သွားတာ အဖြစ်မခံနိုင်ဘူး” ဟု ပြောကြားခဲ့သူ အသက် (၈၈) နှစ်ရှိပြီဖြစ်သော ဆရာကြီး နိုင်ပန်းလှသည်
လေဖြတ်ရောဂါဖြင့် ၂၀၁၀ ခုနှစ် ဇွန်လ (၁၈) ရက်နေ့က ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။ ဇွန်လ (၂၀) ရက်နေ့က ရေဝေး
သုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိလိုက်ရသည်။ ဆရာကြီး၏ အုတ်ဂူကို ၎င်း၏ဇာတိရွာ ကရင်ပြည်နယ် ကော့ဗိန်းရွာမှာ
တည်သွားမည်ဖြစ်သည်။



(၃)
ဒေါက်တာ နိုင်ပန်းလှသည် သမိုင်းကျမ်းပြုဆရာပီပီ ထိုဟောကိန်းကို ထုတ်ခဲ့ခြင်းဖြစ်သည်။
မွန်ပြည်နယ်ရှိ မြို့ပေါ်နေလူထုကြားတွင် မိခင် (မွန်) ဘာသာစကား ပြောဆိုအသုံးပြုမှု နည်းပါးလာခြင်း၊ မြို့ပေါ်နေ
မွန်တို့က နေအိမ်တွင်ပင် မိခင်ဘာသာစကား ပြောဆိုမှု နည်းပါးလာခြင်း၊ မွန်စာပေ ရေးသားသုံးစွဲမှု နည်းပါးလာခြင်း
(အလေးထားမှု နည်းပါးလာခြင်း) စသည့် အချက်များကြောင့် နောင်အနှစ် (၄၀) အတွင်း မွန်ဘာသာစကား ပျောက်
ကွယ်သွားနိုင်ကြောင်း ဆရာကြီး နိုင်ပန်းလှက ပြောဆိုခဲ့ခြင်းဖြစ်သည်။


“ကျနော် ဂျပန်မှာ (၁၀) နှစ်ကျော်ကျော် အမှုထမ်းပြီး ဒီကို ပြန်ရောက်လာတော့ ကျနော့်မြေးတွေကိုယ်တိုင်က မွန်စကား
မပြောတတ်ကြတော့ဘူး။ ကျနော့်မြေးအရွယ် Generation (မျိုးဆက်) တွေသာ ဒီပုံအတိုင်း သွားနေရင် သူတို့သားသမီး
တွေ လက်ထက်ရောက်ရင် သူတို့ကိုယ်သူတို့ မွန်လူမျိုးတွေမှန်းတောင် သိကြတော့မှာ မဟုတ်တော့ဘူး” ဟု ဆရာကြီး
နိုင်ပန်းလှက အနီးစပ်ဆုံး ဥပမာတခုကို ထိုတွေ့ဆုံပွဲ၌ ချပြခဲ့သည်။ ဆရာကြီး ပြောသည့်အတိုင်းသာ ဆိုလျှင်
နောင်မကြာတော့မည့်အချိန် နှစ်ပေါင်း (၃၀) ကျော်မှာ မွန်စကား ပျောက်သွားတော့မည်ဖြစ်သည်။



မြို့ပေါ်နေလူတန်းစားများအတွက် ဖြစ်နိုင်ခြေ ပိုများမည်ဟု ခန့်မှန်းရပါသည်။ သို့သော် အားလုံးတော့ မဖြစ်နိုင်ဟု
တချို့မွန်ဆရာတော်တို့က တုံ့ပြန်ကြသည်။ မပျောက်နိုင်သူများထဲတွင် ဆရာကြီး နိုင်ပန်းလှ၏ သားသမီးတချို့
လည်း ပါဝင်သည်။


ဆရာကြီး၏ တဦးတည်းသော သမီး ဒေါ်ခင်ခင်လှတို့အိမ်သို့ စာရေးသူ အကြိမ်ကြိမ် ရောက်ဖူးသည်။ ထိုအိမ်၌ အိမ်
အလုပ်ကူလုပ်ရန် ဆရာကြီး၏ ဇာတိရွာမှ အဒေါ်ကြီး၊ အဘကြီးတို့ကို ခေါ်ထားသည်။ ထိုနေအိမ်တွင် ကရင်ပြည်နယ်
ကော့ဗိန်းရွာ၏ မွန်စကားသံအတိုင်း ဒေါ်ခင်ခင်လှ၏ သားသမီးတို့က ပြောဆိုတတ်ကြသည်။ မွန်စာကိုလည်း
ကောင်းမွန်စွာ တတ်ကျွမ်းကြကြောင်း နောက်ပိုင်းတွင်မှ သိရသည်။


“အပြင်သွားရင် ဘယ်ဘာသာစကားပဲပြောပြော အိမ်ထဲရောက်တာနဲ့ မိခင်ဘာသာစကားကို သုံးစွဲဖို့ မိဘတိုင်းက
ကိုယ့်သားသမီးကို သွန်သင်ဆုံးမတတ်ရမယ်။ ဒီလိုမဟုတ်ဘဲ ငါ့သားသမီးတွေ ဗမာစကားမတတ်ကျွမ်းမှာ စိုးလို့
ဆိုပြီး ‘ကွိုင်းခနုံး’ ခေါ်ရမယ့်အစား မိဘကိုယ်တိုင်က ‘မုန့်ဟင်းခါး’ ‘မုန့်ဟင်းခါး’ ဆိုပြီး အရှေ့ရောက်နေတဲ့သူတွေ
ရှိနေလို့ သားသမီးတွေက အဲဒီအခြေအနေရောက်သွားတာ ဖြစ်တယ်” ဟု ဆရာကြီးက မြို့ပေါ်နေ မွန်လူမျိုးတို့အား
ဝေဖန်တတ်သေးသည်။



ဆရာကြီး နိုင်ပန်းလှသည် မွန်စာပေ၊ ဘာသာစကား ဆက်လက်ရှင်သန်နိုင်ရန် နည်းမျိုးစုံဖြင့် ပံ့ပိုးပေးခဲ့သူ ဖြစ်သည်။
ဆရာကြီး နိုင်ထွန်းသိန်းနှင့်အတူ မြန်မာစာရေးဆရာများ၏ အကူအညီဖြင့် ရန်ကုန်မြို့တွင် ခေတ်ဟောင်းနှင့် ခေတ်
သစ် မွန်ကျောက်စာသင်တန်း၊ နှစ်စဉ်နှစ်တိုင်း ကျင်းပနေသော မွန်စာပေ၊ ယဉ်ကျေးမှုဆိုင်ရာ စာမေးပွဲများကို
ကျင်းပ၍ ထာဝရရန်ပုံငွေ တည်ထောင်ကာ ပံ့ပိုးပေးခြင်း၊ ခေတ်သစ်မွန်စာပေ သင်ကြားရေးနည်းများနှင့်ဆိုင်သော
စာအုပ်များ ထုတ်ဝေခြင်း စသည်တို့ကို ဆရာကြီးက တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။


ဆရာကြီးသည် မွန်ရိုးရာ အကပညာရပ်များကိုလည်း ကျွမ်းကျင်စွာ တတ်မြောက်ထားသူဖြစ်သည်။



(၄)
ဆရာကြီး နိုင်ပန်းလှ၏ ဟောကိန်းနှင့်ပတ်သက်၍ ခေတ်ပညာတတ်လူငယ်တချို့က ထောက်ခံကြသည်။ မွန်ပြည်
သစ်ပါတီရုံးပေါ်တွင် မြန်မာစာ၊ မြန်မာစကား သုံးစွဲမှုသာ များပြားခြင်း၊ မွန်စာပေ အသုံးဝင်မှုအပိုင်း လမ်းပြပေးနိုင်မှု
အားနည်းနေခြင်း (အနာဂတ်မရေရာခြင်း)၊ နွေရာသီ မွန်စာပေသင်တန်းများသို့ နှစ်စဉ် တက်ရောက်သူ များပြား
လာသော်လည်း သင်ကြားချိန် နည်းပါးခြင်းကြောင့် တတ်မြောက်သူဦးရေ နည်းပါးခြင်း စသည်တို့ကို ထောက်ပြ
သည်။ သို့သော် မွန်လူမျိုးတို့အတွက် အဆိုးဝါးဆုံးသောကာလ အလောင်းမင်းတရားလက်ထက်၌ပင် မွန်စာပေ၊
ဘာသာစကား ပျောက်ကွယ်သွားခြင်း မရှိသည်ကို မွန်ဆရာတော်ကြီးတို့ကလည်း ထောက်ပြကြသည်။



နွေရာသီ မွန်စာပေသင်တန်းသားဦးရေ နှစ်စဉ် များပြားလာသည့်အကြောင်း၊ မွန်ပညာရေးကျောင်းသူကျောင်းသား
ဦးရေ နှစ်စဉ် များပြားလာသည့်အကြောင်းများဖြင့် ပြည်တွင်းမွန်စာပေယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းတို့က
ကိန်းဂဏန်းများဖြင့် ပြန်လည်ထောက်ပြကြသည်။


ဝမ်းအနည်းရဆုံး ဖြစ်ရပ်များအနက် မော်လမြိုင်မြို့ပေါ်တွင် ၂၀၀၈ ခုနှစ်က စတင်လာခဲ့သော မွန်စာတမ်းဖတ်ပွဲ
အခမ်းအနားသို့ တက်ရောက်လာသူအားလုံးမှာ မွန်လူမျိုးများသာ ဖြစ်ကြသော်လည်း စာတမ်းများကို မွန်ဘာသာ
စကားဖြင့် မဖတ်ကြားဘဲ မွန်ပညာရှင်တို့က မြန်မာဘာသာဖြင့်သာ ဖတ်ကြားကြသည့်အပေါ် ပြည်တွင်းပြည်ပရှိ
မွန်လူငယ်တို့၏ ပြစ်တင်ဝေဖန်မှုကို ခံနေရသည်။


အမှန်အားဖြင့်ဆိုရသော် ပြည်တွင်းမွန်လူမျိုးပင်ဖြစ်စေ၊ ပြည်ပရောက်မွန်လူမျိုးပင်ဖြစ်စေ ၎င်းတို့၏ နေ့စဉ်သုံးစကား
များတွင် အခြားဘာသာစကား ထက်ဝက်ကျော် ပါဝင်နေသည်ကို သတိမပြုမိကြချေ။



(၅)

ငယ်နာမည် ‘အဒွတ်’ မည်သော နိုင်ပန်းလှကို ကရင်ပြည်နယ်၊ ဂျိုင်းမြစ်ကမ်းပေါ်ရှိ ကော့ဗိန်းရွာတွင် ၁၉၂၃ ခု
မတ်လ (၂၀) ရက်၌ မွေးဖွားခဲ့ပြီး ကော့ဗိန်းရွာ ဘုန်းတော်ကြီးကျောင်းတွင် မွန်၊ မြန်မာ၊ အင်္ဂလိပ်စာတို့ကို စတင်
ဆည်းပူးခဲ့သည်။ ကျောင်းစာကိုလည်း (၈) တန်းအထိသာ ပညာဆည်းပူးခဲ့သည်။ ထိုထက် ထူးခြားသည်မှာ
အသက် (၆၉) နှစ်အရွယ်တွင်မှ နိုင်ငံတကာတက္ကသိုလ်တို့၏ ဘွဲ့ထူးဂုဏ်ထူး ချီးမြှင့်ခြင်းများကို ဆက်တိုက်ခံခဲ့ရသည်။



အသက် (၂၄) နှစ်အရွယ်တွင် ရန်ကုန်မြို့၊ မြို့မအမျိုးသားကျောင်း၊ တက္ကသိုလ်ဝင်တန်းတွင် (၃) လခန့် ပညာသင်
ကြားခဲ့ဖူးသည်။ ဒေါက်တာ နိုင်ပန်းလှသည် ဘန်ကောက်မြို့အနီး မွန်ကျေးရွာတွင် တွေ့ရှိလာသော သထုံ-ဟံသာဝတီ
ရာဇဝင်စာအုပ် (ပ-ဒု) တွဲကို အခြေခံ၍ မဂဒူးမင်းဆက်မှစ၍ ရာဇာဓိရာဇ်အထိ ယူကာ မွန်၊ မြန်မာပေမူများနှင့် စိစစ်
ပြီး “ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း” ကို ပြုစုခဲ့ပြီးနောက်ပိုင်း သမိုင်းသုတေသနဆိုင်ရာ စာတမ်းများစွာကို
ပြုစုရေးသားခဲ့သည်။


ထိုအချိန်မှစ၍ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရှေးဟောင်းသုတေသနအဖွဲ့များတွင် နှစ်ပေါင်း (၄၀) ကျော် တာဝန်ထမ်း
ဆောင်ခဲ့ပြီး ဂျပန်နိုင်ငံ တက္ကသိုလ်များသို့ သင်ကြားပို့ချနိုင်ရန် ၁၉၆၈ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။ ထို့နောက်
ဂျပန်နိုင်ငံ တက္ကသိုလ်များသို့ ဧည့်ပါမောက္ခအဖြစ်လည်းကောင်း၊ ပါမောက္ခအဖြစ်လည်းကောင်း အရှေ့တောင်အာရှ
ယဉ်ကျေးမှုနှင့် သမိုင်းဘာသာရပ်များကို သင်ပြရန် တာဝန်ပေးခြင်းခံရသည်။


၁၉၉၁ ခုနှစ်တွင် အမေရိကန်နိုင်ငံ L.A. မြို့ရှိ အနောက်ပစိဖိတ်တက္ကသိုလ်၌ ယဉ်ကျေးမှုမနုဿဗေဒ အထူးပြု
ဘာသာရပ်ဖြင့် B.Sc. နှင့် Ph.D. ဘွဲ့များကို ဆွတ်ခူးနိုင်ခဲ့သည်။ ကျောင်းတက်ရန်မလိုဘဲ ကျမ်းပြုတင်ပြခြင်းဖြင့်
ထူးချွန်၍ ဒီဂရီများကို ဂုဏ်ထူးဖြင့် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ၁၉၉၂ ခုနှစ်တွင် မွန်ဓမ္မသတ် (၁၁) မျိုးကို အင်္ဂလိပ်
ဘာသာဖြင့် ရေးသားတင်ပြ၍ ဥပဒေပါရဂူ L.L.D. ဘွဲ့ကို ထိုတက္ကသိုလ်ကပင် ချီးမြှင့်ခဲ့သည်။



(၆)
ပေါင်းကူးတံတားတစင်း တည်ဆောက်ခြင်း
မြန်မာနိုင်ငံတွင် အရေးတော်ပုံကျမ်း (၅) စောင်အနက် တစောင်အပါအဝင်ဖြစ်သော ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း
ကို ပြုစုရန် ဆရာကြီးတွင် စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်ခဲ့ရသည်။


အဆိုပါကျမ်းကို ပြန်ဆိုရာတွင် ၁၂၇၂ ခုနှစ်က ထိုင်းနိုင်ငံ၊ ဘန်ကောက်အနီး ပတ်လတ်ရွာမှ ရခဲ့သည့် ပတ်လတ်ပုံနှိပ်မူ
မွန်ဘာသာကို အခြေခံ၍ အခြားမွန်ပေမူများနှင့် ညှိနှိုင်းခြင်း၊ ဗညားဒလ၏ ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း မြန်မာပေမူ
(၉) မူ၊ အခြားပုံနှိပ်မူများနှင့် ညှိနှိုင်းခြင်း၊ မြန်မာစာညွန့်ပေါင်းကျမ်း၊ မှန်နန်း၊ ဦးကုလား စသော မြန်မာရာဇဝင်ကျမ်း
များနှင့် တိုက်ဆိုင်၍ ဆရာကြီး နိုင်ပန်းလှက ပြန်လည်ပြုစုထားခြင်းဖြစ်သည်။



ရာဇဓိရာဇ် အရေးတော်ပုံကျမ်း၏ အမှာစာတွင် ပါမောက္ခ ဒေါက်တာ သန်းထွန်းက “သမိုင်းလေ့လာတဲ့လူတိုင်း
အထောက်အထားစုံအောင် ရချင်တယ်။ မွန်-ဗမာဆက်ဆံရေးမှာ မွန်အထောက်အထားတွေ သိပ်ရချင်တယ်။ ဘာပြု
လို့လဲဆိုတော့ တချို့အရေးကြီးတဲ့ကိစ္စတွေကို မွန်ကတမျိုး၊ မြန်မာကတမျိုး ပြောနေကြလို့ပါပဲ”။


(၁) ဘာသာပြန်တဲ့သူဟာ ကျမ်းစာအုပ်ရဲ့ မူရင်းဘာသာစကားကိုလည်း ကောင်းကောင်း တတ်ကျွမ်းရမယ်။ ပြန်ဆိုယူ
      တဲ့ ဘာသာစကားမှာလည်း ပိုင်နိုင်ရမယ်။

(၂) ပြန်ဆိုတဲ့ အကြောင်းကိစ္စကိုလည်း ပိုင်နိုင်ရမယ် ဟူ၍ ဆိုထားပါသည်။ ဆရာကြီး နိုင်ပန်းလှသည် ထိုဂုဏ်ရည်
     များနှင့် ပြည့်စုံသူဖြစ်သည်။

ထိုကျမ်းသည် မွန်ဘာသာ ထုတ်ဝေပြီးနောက် (၁၀) နှစ်ကြာမှ မြန်မာဘာသာဖြင့် ထွက်လာခြင်းဖြစ်သည်။ မြန်မာ
ဘာသာ ထွက်လာသော ထိုကျမ်းသည် ရှေးမွန်ပေမူဟောင်းများနှင့်ယှဉ်လျှင် ပြတ်တောက်ထားသည်များ ရှိနေသေး
ကြောင်း မွန်သမိုင်းပညာရှင်တချို့က ထောက်ပြကြသည်။ မည်သို့ပင်ဆိုစေကာမူ ဆရာကြီးက မွန်-မြန်မာဆက်ဆံ
ရေးအတွက် အကြီးမားဆုံးသော တံတားတစင်း တည်ဆောက်ပေးခဲ့သည်။


သို့သော် မွန်ဘာသာမှ မြန်မာဘာသာသို့ မွန်ပညာရှင်များကိုယ်တိုင် ပြန်ဆိုသော ကျမ်းများမှာ ယနေ့အထိ
ရှားပါးနေဆဲပင်။


မွန်-အင်္ဂလိပ်အဘိဓာန်များနှင့် ပတ်သက်၍ အမေရိကန်သာသနပြု ဒေါက်တာ ဟာစဝဲလ်က (၁၈၇၄) ခုနှစ်၌လည်း
ကောင်း၊ ဒေါက်တာ စတီဗင်က မွန်-အင်္ဂလိပ်-မြန်မာအဘိဓာန်ကို (၁၉၀၁) ခုနှစ်၌လည်းကောင်း၊ အပြည့်စုံဆုံးဟု
ဆိုရမည့် (၁၉၂၂) ခုနှစ်ထုတ် မစ္စတာ ဟာလီဒေး၏ မွန်-အင်္ဂလိပ် အဘိဓာန်သည်လည်းကောင်း ထွက်ရှိလာပြီး
နောက်ပိုင်း နိုင်ထွန်းဝေ၏ မွန်-အင်္ဂလိပ် အဘိဓာန်စာအုပ်တအုပ်နှင့် နိုင်ထွန်းသိန်း ပြုစုသော မွန်-မြန်မာ သဒ္ဒါနှိုင်း
ယှဉ်ချက် စာအုပ်တို့သာ ရှိတော့သည်။ မွန်စာပေများကို လေ့လာနိုင်ရန် ယင်းကဲ့သို့ စာအုပ်များ ထပ်မံထွက်ရှိလာရန်
လိုအပ်နေဆဲဖြစ်သည်။ ထိုမျှမက နိုင်မောင်တိုး ပြုစုထားသော မွန်ဘာသာ “ရာဇဓိရာဇ်အရေးတော်ပုံကျမ်း” ကို ယနေ့
ခေတ် မွန်လူငယ်တို့ ဖတ်ရှု၍ နားလည်နိုင်ရန် မွန်-မွန် အဘိဓာန်စာအုပ်များလည်း လိုအပ်လာသည်ကို တွေ့ရသည်။
အဘယ်ကြောင့်ဆိုသော် ထိုကျမ်းပြုစာအုပ်များသည် ဖတ်ရှုရန် ခက်ခဲနက်နဲလွန်း၍ ယနေ့ခေတ်လူငယ်များ လိုက်စား
နိုင်ရန် မလွယ်ကူတော့ခြင်းကြောင့်ဖြစ်သည်။



(၇)
“မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် ပုဂံရှိ စေတီပုထိုး ဂူဘုရား၊ ကုလားကျောင်းများနှင့် ၎င်းတို့တွင်
ရှိသည့် ရှေးဟောင်းအနုပညာပစ္စည်းများနှင့် ပန်းချီဆေးရေများသည် သဘာဝ ရာသီဒဏ်၊ ငလျင်ဒဏ်နှင့် အချိန်
ကာလကြောင့် ပျက်စီးမှုထက် လူတွေ၏ ဖျက်ဆီးမှုဒဏ်က ပို၍ ဆိုးရွားခဲ့ပါသည်” ဟု မနူဟာမင်း၏ ကောင်းမှု နန်း
ဘုရားအတွင်းရှိ ဗြဟ္မာကျောက်ရုပ်များ၏ ရင်ဘတ်တို့နှင့် အခြားဗုဒ္ဓဝင် ဆင်းတုတော်များ၏ ဝမ်းဗိုက်နှင့် ရင်ဘတ်
များကို ဖောက်ထွင်း၍ ဌာပနာပစ္စည်း ရတနာများ ရှာဖွေခြင်းတို့ကြောင့် ရှေးဟောင်းအမွေအနှစ်များ ဖျက်ဆီးခံနေခြင်း
ကို ဆရာကြီး နိုင်ပန်းလှက “ယဉ်ကျေးမှု အနုပညာဖျက်ဆီးမှု” ခေါင်းစဉ်ဖြင့် ထောက်ပြခဲ့သည်။



သမိုင်းရေးဆရာ (သို့မဟုတ်) ကျမ်းပြုဆရာသည် သမိုင်းကြောင်း အထောက်အထားများကို အခြေခံ၍ မှတ်တမ်းတင်
ရေးသားကြသည်။ ဒေါက်တာ နိုင်ပန်းလှကမူ ထိုထက်ပိုသည်။ ဆရာကြီးသည် မွန်-မြန်မာယဉ်ကျေးမှုနှင့် သမိုင်းဆိုင်
ရာ သုတေသနပြုကျမ်းများ တင်ပြ၍ ကမ္ဘာသိအောင် ကြိုးစားရင်း တဘက်၌ အမျိုးသားစာပေ ပြန်လည်ထွန်းကား
လာရေးအတွက် ကြိုးပမ်းခဲ့ရသူဖြစ်သည်။



သမိုင်းဆရာသည် ရှာဖွေရရှိလာသမျှ အချက်အလက်များကို စုစည်းပြီး အကောင်းဆုံး၊ သမိုင်းအမှန်ကို အနီးစပ်ဆုံး
ရှာဖွေရန် တာဝန်ရှိသူဖြစ်သည်။ ဆရာကြီး နိုင်ပန်းလှသည် ထိုကဲ့သို့ လူမျိုးနှစ်မျိုးအကြားရှိ သမိုင်းကြောင်းနှစ်ခုစလုံး
ကို သမ၍ အမှန်တရား ရှာဖွေခဲ့သူ၊ ရဲဝံ့သူဟု ဆိုရပါမည်။


သမိုင်းဆိုတာက ဝိဝါဒ ကွဲပြားမှု ရှိစမြဲပဲ။ သို့သော် သမိုင်းရေးဆရာတွင်သာ မူတည်နေလိမ့်မည်။ သမိုင်းဆရာသည်
ကရုဏာ၊ စေတနာ မပိုရ။ ဒေါသလည်း မဖြစ်ရပါ။ ။



(ဆရာကြီး နိုင်ပန်းလှ အမှတ်တရဆောင်းပါးမှကူးယူဖော်ပြသည် …)

2 comments:

  1. မွန်မျိုးချစ်ပုဂ္ဂိုလ်တွေရဲ့ သမိုင်းကြောင်းလေးတွေ တင်ပြပေးတဲ့ ကိုခင်မောင်စိုးကို မွန်မျိုးဆက်သစ်လူငယ်တွေနဲ့ မွန်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး မွန်လူမျိုးတို့ရဲ့အနာဂတ်အတွက် ဦးဆောင်လမ်းပြပေးမဲ့ပုဂ္ဂိုလ်တွေရဲ့ကိုယ်စား ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

    ReplyDelete
  2. ဂုဏ်ယူပါတယ်ဗျာ...

    ReplyDelete