Wednesday, February 28, 2018

Firmware ဆိုတာ ဘာလဲ

Smart phone တွေ ပေါများလာတာနဲ့အမျှ Firmware ဆိုတာ လူတိုင်းနဲ့ မစိမ်းတော့ပါဘူး.. ဖုန်းတစ်လုံး firmware တင်ဖို့ ဘယ်သူမဆို အလွယ်တကူ လုပ်နိုင်ကြပါပြီ.. နားလည်နေကြပါပြီ.. ဒါပေမယ့် firmware ဆိုတာဘာလဲ မေးလာရင် ပညာရှင်တွေကလွဲပြီး ဘယ်သူမဆို ယောင်အမ်းအမ်းဖြစ်ကြမယ်… "firmware ဆိုတာ ဖုန်းမှာ ထည့်ရတဲ့ ဆော့ဖ်ဝဲပေါ့..." "Windows လို OS ပေါ့.." စသဖြင့် ပြောဆိုနေကြတာတော့ ကြားမိပါရဲ့... တော်တော်များများကတော့ Firmware ဆိုတာဘာလဲ သိဖို့ထက် ဘယ်ဖုန်းကိုဖြင့် ဘယ်လိုဖန်းဝဲ တင်ရမယ်ဆိုတာပဲ သိကြပါတယ်.. ဒါကြောင့်လည်း Firmware ဆိုတာ သိရအောင် ဗဟုသုတအဖြစ် ရေးသားပေးလိုက်ပါတယ်...
Firmware ဆိုတာက ကွန်ပျူတာပေါ်ကတည်းက ရှိနေခဲ့တာပါ.. Mother Board, Keyboard, Hard drive, Video Card, Digital camera, Player စတဲ့ hardware device မျိုးစုံမှာ တွဲလျက်ပါတဲ့ ROM chip လေးတစ်ခုပါ..။ အ၀တ်လျှော်စက်၊ တီဗွီ၊ အောက်စက်၊ ဂိမ်းစက် စသည်ဖြင့် chip ပါတဲ့ hardware ပစ္စည်းတိုင်းမှာ firmware ROM ပါပါတယ်.. hardware device တွေ တစ်ခုနဲ့တစ်ခု ဆက်သွယ်လုပ်ဆောင်နိုင်ဖို့၊ basic input/output လုပ်ငန်းစဉ်တွေ လုပ်ဆောင်နိုင်ဖို့၊ ပြင်ပ software တွေနဲ့ အဆင်ပြေပြေ ချိတ်ဆက်လုပ်ဆောင်နိုင်ဖို့ အစီအစဉ်တွေ ညွှန်ကြားချက်တွေ ရေးသား ထည့်သွင်းထားပါတယ်။
လူတွေမှာလည်း “စိတ်” ဆိုတဲ့ firmware မရှိရင် hardware ဆိုတဲ့ ခန္ဓာကိုယ်ဟာလည်း အသေကောင်နဲ့ မခြားသလို.. ရည်မှန်းချက်၊ အကြံအစည် စတဲ့ software တွေလည်း ဘယ်လို ရှိနိုင်တော့မလဲလေ.. အဲ့သလိုပါပဲ…
firmware မရှိဘဲနဲ့ hardware device တွေ အလုပ်မလုပ်နိုင်တဲ့အတွက်.. OS (Operating System) တွေ၊ software တွေ ထည့်သွင်းဖို့လည်း ပိုလို့တောင် မရနိုင်ပါဘူး..
အများအားဖြင့်တော့.. Firmware မှာ “Read-Only Memory (ROM)” နဲ့ “Programmable Read-Only Memory (PROM)” ဆိုပြီး ရှိပါတယ်.. တစ်ခါတည်း အသေရေးထည့်ထားတာပါ.. အဲ့လိုအသေရေးထားတဲ့အတွက် Firm-Ware လို့ ခေါ်တာပါ.. ဒီတော့ အဲ့ဒီ ROM Firmware က ဒီ hardware ဆို ဒီ hardware တစ်ခုအတွက်ပဲ ရပါတယ်.. တခြား hardware အတွက်ကျ နောက်ထပ် ROM chip တစ်ခုသပ်သပ် ထည့်သွင်းရပါတယ်..
အဲဒီမှာ PROM chip ကို update လုပ်လို့ရပါတယ်.. ပြန်ဖျက်နိုင် ပြန်ရေးနိုင်တဲ့ "Erasable Programmable Read-Only memory (EPROM)" အဖြစ်ပေါ့.. ဒါပေမယ့် EPROM က ကုန်ကျစရိတ်ကြီးမြင့်တဲ့အပြင် အသုံးပြုရ လွန်စွာခက်ခဲပြီး update လုပ်ဖို့လည်း လွန်စွာမှ အချိန်ပေးရပါတယ်..
ဒါနဲ့ပဲ….. ROM Firmware ကနေ flash ROM(EEPROM) firmware အဖြစ် ပြောင်းလဲ တိုးမြှင့်လာခဲ့ပြီး ယခုအခါ user တွေနဲ့ ရင်းနှီးကျွမ်းဝင်ကာ လွယ်လွယ်ကူကူ update လုပ်နိုင်လာပါတယ်… ၄င်း Firmware တွေကို အများအားဖြင့် high level software အဖြစ် ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်... ဒါကြောင့်မို့လည်း hardware device မှာရှိတဲ့ flash ROM ထဲကို software အဖြစ်နဲ့ အလွယ်တကူ ထည့်သွင်းနိုင်စေတာဖြစ်ပါတယ်.. ခုခေတ် ဖုန်း firmware တွေဟာလည်း flash ROM တွေဖြစ်ပါတယ်.. flash memory နည်းပညာကြောင့် Firmware တင်ခြင်း၊ update လုပ်ခြင်းတို့ကို လွယ်ကူလျင်မြန်စွာ လုပ်ဆောင်နိုင်ကြတာဖြစ်ပါတယ်…
Firmware Level ကတော့ ...
1. Low Level Firmware:
သူ့ကို ROM, OTP/PROM နဲ့ PLA ဖွဲ့စည်းပုံများမှာ တွေ့ရပါတယ်.. အများအားဖြင့် read-only ဖြစ်ပြီး ပြန်ဖျက်၊ ပြန်ရေးလို့ မရ၊ update လုပ်လို့မရနိုင်ပါ.. တခါတရံ hardware အဖြစ်နဲ့ရှိပါတယ်..
2. High Level Firmware:
သူကတော့ ခုခေတ် ဖုန်းတွေမှာ သုံးနေတဲ့ flash memory ပေါ့.. အများအားဖြင့် အလွယ်တကူ update လုပ်နိုင်တဲ့ software တစ်ခုဖြစ်ပါတယ်..
3. Subsystems:
သူ့မှာ သူတို့ကိုယ်ပိုင် microcode တွေရှိပြီး flash chip တွေ၊ CPU တွေ၊ LCD unit တွေ ထဲမှာ မြှုပ်နှံထည့်သွင်းထားပါတယ်.. Subsystem ဟာ အများအားဖြင့် hardware အစိတ်အပိုင်းတစ်ခုဖြစ်ပြီး high level firmware လည်းဖြစ်ပါတယ်..
ဟိုးအရင်က update လုပ်လို့မရနိုင်တဲ့ BIOS, modem နဲ့ video card များဟာလည်း flash memory နည်းပညာကြောင့် update လုပ်ရ လွယ်ကူလာပြီဖြစ်ပါတယ်..

0 comments:

Post a Comment