Tuesday, July 3, 2012

ဝိပသနာဉာဏ် (၁၀)ပါး

ဝိပသနာဉာဏ် (၁၀)ပါး
ဝိပသနာဉာဏ်ကား (၁၀)ပါးရှိသည်၊ ယင်းတို့မှာ -
(၁) သမ္မသနဉာဏ်
(၂) ဥဒယဗ္ဗယဉာဏ်
(၃) ဘင်္ဂဉာဏ်
(၄) ဘယဉာဏ်
(၅) အာဒီန၀ဉာဏ်
(၆) နိဗ္ဗိဒါဉာဏ်
(၇) မုစ္စိတုကမျတာဉာဏ်
(၈) ပဋိသင်္ခါဉာဏ်
(၉) သင်္ခါရုပေက္ခာဉာဏ်
(၁၀) အနုလောမဉာဏ် တို့ဖြစ်သည်။

(၁) သမ္မသနဉာဏ်
ထိုတွင် ရုပ်နာမ်တရားတို့ကို အနိစ္စ(မမြဲ)၊ ဒုက္ခ(ဆင်းရဲ)၊ အနတ္တ(အတ္တမဟုတ်)ဟု ဆင်ခြင်သုံးသပ်တတ်သော ဉာဏ်ကို သမ္မသနဉာဏ်ဟု ခေါ်သည်၊ ဤဉာဏ်ဖြစ်ပေါ်မှ ရုပ်နာမ်တရား တို့ကို အနိစ္စ ဒုက္ခ အနတ္တလက္ခဏာသို့(လက္ခဏာယာဉ် သုံးပါးသို့) တင်၍ ဆင်ခြင်သုံးသပ်နိုင်သည်။
ဤသမ္မသနဉာဏ်ဖြင့် သုံးသပ်နည်းသည် (၄)မျိုးရှိ၏၊ ယင်းတို့မှာ -

(က) ကလာပသမ္မသနနည်း
ရုပ်နာမ်ဓမ္မတို့ကို အတိတ်ဘ၀ကရုပ်နာမ်၊ အနာဂတ်ဘ၀၌ ဖြစ်မည့် ရုပ်နာမ် ပစ္စုပ္ပန်ရုပ်နာမ် အစရှိသည်ဖြင့် မခွဲခြားဘဲ ရုပ်ခန္ဓာ နာမ်ခန္ဓာတို့ကို အပေါင်းအစုအားဖြင့် သုံးသပ်သော နည်းဖြစ်သည်။ သုံးသပ်ပုံမှာ - “ရုပ်ဟူသမျှ ကုန်ခန်းပျက်စီးခြင်းသဘောရှိသောကြောင့် မမြဲပါတကား၊ မမြဲသောကြောင့် ဆင်းရဲလှပါတကား၊ ဆင်းရဲသောကြောင့် မိမိအလိုသို့မလိုက် အစိုးမရ အနှစ်သာရလည်း မရှိပါတကား” ဟုဖြစ်လေသည်။ ဤနည်းတူ ကျန်ခန္ဓာလေးပါးကိုလည်း သုံးသပ်ရမည်။

(ခ) အဒ္ဓါသမ္မသနနည်း
အတိတ်ဘ၀က ရုပ်နာမ်ခန္ဓာ၊ အနာဂတ်ဘ၀ ရုပ်နာမ်ခန္ဓာ စသည်ဖြင့် ဘ၀ကာလခွဲခြား၍ သုံးသပ်သော နည်းဖြစ်သည်။ သုံးသပ်ပုံမှာ - “အတိတ်ဘ၀က ရုပ်ခန္ဓာသည် အတိတ်ဘ၀၌ပင် ချုပ်ပျောက်ခဲ့၏၊ ဤပစ္စုပ္ပန်ဘ၀သို့ ရောက်မလာ၊ ထိုသို့ ကုန်ခန်းပျက်စီးခြင်းသဘောရှိသောကြောင့် မမြဲပါတကား၊ မမြဲသောကြောင့် ဆင်းရဲလှပါတကား၊ ဆင်းရဲသောကြောင့် မိမိအလိုသို့မလိုက် အစိုးမရ အနှစ်သာရလည်း မရှိပါတကား” စသည်ဖြင့် ရုပ်နာမ်အစဉ်အမျိုးမျိုးခွဲခြား၍ သုံးသပ်ရမည်။

(ဂ) သန္တတိသမ္မသနနည်း
ဘ၀တစ်ခုတည်း၌ပင် အအေးရုပ်စဉ် အပူရုပ်စဉ် စသည်ဖြင့် ရုပ်စဉ် အမျိုးမျိုးခွဲခြား၍ သုံးသပ်သော နည်းဖြစ်သည်၊ သုံးသပ်ပုံမှာ - “အပူရုပ်အစဉ်သည် အအေးရုပ်အစဉ်သို့ မရောက်ဘဲ ချုပ်ပျောက်၏၊ ထိုသို့ ကုန်ခန်းပျက်စီးခြင်း သဘောရှိသောကြောင့် မမြဲပါတကား၊ မမြဲသောကြောင့် ဆင်းရဲလှပါတကား၊ ဆင်းရဲသောကြောင့် မိမိအလိုသို့မလိုက် အစိုးမရ အနှစ်သာရလည်း မရှိပါတကား” စသည်ဖြင့် ရုပ်နာမ်အစဉ် အမျိုးမျိုးခွဲခြား၍ သုံးသပ်ရမည်။

(ဃ) ခဏသမ္မသနနည်း
အပူအအေးရုပ်အစဉ်တစ်ခုတည်းမှာပင် ဥပါဒ်၊ ဌီ၊ ဘင်ဟူသော ခဏငယ် သုံးချက်ဖြင့် ခွဲခြား၍ သုံးသပ်သော နည်းဖြစ်သည်၊ ဥပါဒ်၊ ဌီ၊ ဘင် သုံးချက်ကို ခဏကြီးတစ်ချက်ယူ၍ “အတိတ်ခဏ၌ဖြစ်သော ရုပ်နာမ်သည် ပစ္စုပန်ခဏသို့ မရောက်ဘဲ ချုပ်ပျောက်သွား၏၊ ထိုသို့ ချုပ်ပျောက် ပျက်စီခြင်းသဘောရှိသောကြောင့် မမြဲပါတကား၊ မမြဲသောကြောင့် ဆင်းရဲလှပါတကား၊ ဆင်းရဲသောကြောင့် မိမိအလိုသို့မလိုက် အစိုးမရ အနှစ်သာရလည်းမရှိပါတကား” စသည်ဖြင့် သုံးသပ်ရမည်။

(၂) ဥဒယဗ္ဗယဉာဏ်
ရုပ်နာမ်သင်္ခါရတို့၏ ဖြစ်မူ ပျက်မူကို သိမြင်သော ဉာဏ်ကို ဥဒယဗ္ဗယဉာဏ်ဟု ခေါ်သည်၊ သမ္မသနဉာဏ်ရင့်သန်၍ ဆက်လက်အားထုတ်သည့်အခါ ဤဉာဏ်ဖြစ်ပေါ်လာသည်။

ဖြစ်မူ ပျက်မူကို ဆင်ခြင်ခြင်း
ရုပ်နာမ်သင်္ခါရတို့သည် မဖြစ်မီကပင် ကြိုတင်၍ စုဆောင်းထားရှိပြီးသည်မဟုတ်၊ ချုပ်ပြီးနောက် အခြားအရပ်တပါးသို့ သွားရောက်လျက် စုပုံနေသည်မဟုတ်၊ ရုပ်နာမ်သင်္ခါရတို့သည် အကြောင်းတရားကြောင့် ရုတ်ကနဲဖြစ်ပေါ်လာပြီး ဖျတ်ကနဲချုပ်ပျောက်သွားကြ၏၊ ထို့ကြောင့် ဖြစ်လေသမျှရုပ်နာမ်သင်္ခါရ၌ အဟောင်းမရှိ၊ အသစ်ချည်းသာဖြစ်ကြလေ၏ ဟု ဆင်ခြင်ပြီးနောက် “အ၀ိဇ္ဇာရှိခြင်းကြောင့် ရုပ်နာမ်သင်္ခါရဖြစ်ရသည်၊ အ၀ိဇ္ဇာအကြွင်းမဲ့ချုပ်လျှင် ရုပ်နာမ်သင်္ခါရတို့ ဖြစ်ကြတော့မည်မဟုတ်” စသည်ဖြင့် ရူမှတ်ဆင်ခြင်သည့်အခါ ရုပ်နာမ်တို့၏ ဖြစ်မူ ပျက်မူ သဘောလက္ခဏာသည် လွန်စွာ ထင်မြင်လာမည် ဖြစ်ပါသည်။

ထို့နောက် ရေကို တုတ်ဖြင့်ရေးခြစ်သောအခါ ရှေ့ကခြစ်၊ နောက်က ပျက်သကဲ့သို့လည်းကောင်း၊ မိုးရွာသွန်းသောအခါ ရေအိုင်ထဲတွင် ပူပေါင်း(ရေပွက်)ကလေးများဖြစ်ပြီး ချက်ချင်း ပျောက်ပျက်သွားသကဲ့သို့ လည်းကောင်း ရုပ်နာမ်တရားတို့သည် ခုဖြစ် ခုပျောက်ပျက်သွားသကဲ့သို့ လည်းကောင်း ရုပ်နာမ်တရားတို့သည် ခုဖြစ် ခုပျက်ပါတကားဟု ရူမြင်သောအခါ ဥဒယဗ္ဗယဉာဏ် ဖြစ်ပေါ်လာလေသည်။

(၃) ဘင်္ဂဉာဏ်
ရုပ်နာမ်တရားတို့၏ ဖြစ်မူကို မမြင်တော့ဘဲ ပျက်မူကိုသာ ရူမြင်သောဉာဏ်ကို ဘင်္ဂဉာဏ်ဟုခေါ်သည်၊ ရုပ်နာမ်တရားတို့၏ အဖြစ်အပျက်နှစ်မျိုးလုံးကို ဥဒယဗ္ဗယဉာဏ်ဖြင့် ရူမှတ်ဖန်များလာသောအခါ ဖြစ်မူ ပျက်မူတို့သည် လျင်မြန်လွန်းလှသဖြင့် ဖြစ်မူကို မရူမိတော့ဘဲ ပျက်မူကိုသာ ရူမြင်နေလေတော့သည်၊ ဥပမာ - မိုးရွာသွန်းနေစဉ် ရေအိုင်ထဲ၌ ပူပေါင်း(ရေပွက်) ကလေးများကို ကြည့်ရူသောအခါ ဖြစ်သည်နှင့် မရှေးမနှောင်းမှာပင် ပျောက်ပျက်သွားသဖြင့် အဖြစ်ကို မမြင်ရတော့ဘဲ အပျက်ကိုချည်း မြင်ရသကဲ့သို့ ဖြစ်သည်။

(၄) ဘယဉာဏ်
ရုပ်နာမ်သင်္ခါရတို့ကို ကြောက်မက်ဖွယ်ရာ ဘေးအဖြစ် ရူမြင်တတ်သော ဉာဏ်ကို ဘယဉာဏ်ဟုခေါ်သည်၊ ကြောက်ရွံ့ထိတ်လန့်တတ်သူသည် ခြင်္သေ့ သစ်ကျား သားရဲတိရစ္ဆာန် ပေါများသော တောတောင်အရပ်ဒေသကို မြင်တွေ့ရသောအခါ ဤအရပ်ကား ကြောက်စရာ အရပ်ဒေသတည်းဟု မှတ်ယူ၏။ ထို့အတူ ရုပ်နာမ်တရားတို့၏ ပျက်ပြီးရင်း ပျက်နေသည်ကို ဘင်္ဂဉာဏ်ဖြင့် ရူမြင်ပြီးသည့်အတွက် ဤရုပ်နာမ်တရားတို့သည် ရှေးရှေးဘ၀များစွာ၌လည်း ပျက်ခဲ့ပေါင်းများလှပြီ၊ ယခုဘ၀၌လည်း ပျက်ပြီးရင်းပျက်၊ နောင်အနာဂတ်ဘ၀၌လည်း ဧကန်မုချ ပျက်ရလိမ့်ဦးမည်၊ ထို့ကြောင့် ဤရုပ်နာမ် တို့သည် ကြောက်စရာတို့ပါတကားဟု ဉာဏ်၌ ထင်မြင်လာသည်၊ ဤသည်ကိုပင် ဘယဉာဏ်ဖြစ်ပေါ်သည်ဟု ဆိုသည်။

(၅) အာဒီန၀ဉာဏ် (၆) နိဗ္ဗိဒါဉာဏ် (၇) မုစ္စိတုကမျတာဉာဏ်
ဘယဉာဏ်ဖြင့် ရုပ်နာမ်တို့ကို ကြောက်မက်ဖွယ် ဘေးကြီးပါတကားဟု ရူမြင်ပြီးနောက် ထိုရုပ်နာမ်သင်္ခါရတို့အပေါ် သာယာနှစ်သက်ဖွယ်အဖြစ် မမြင်တော့ဘဲ အပြစ်မြင်သော ဉာဏ်ကို အာဒီန၀ဉာဏ်ဟုခေါ်သည်။

ထို့နောက် အပြစ်မြင်ထားပြီးသော ရုပ်နာမ်သင်္ခါရတို့အပေါ်၌ ငြီးငွေ့ဖွယ်အဖြစ် ရူမြင်သောဉာဏ်ပေါ်လာ၏၊ ထိုဉာဏ်ကို နိဗ္ဗိဒါဉာဏ်ဟုခေါ်၏၊

ယင်းသို့ ငြီးငွေ့လာပြီးနောက် ရုပ်နာမ်သင်္ခါရတို့မှ လွတ်လိုသော ဉာဏ်ဖြစ်လာ၏၊ ထိုဉာဏ်ကို မုစ္စိတုကမျတာဉာဏ်ဟု ခေါ်သည်။

ဘယဉာဏ်ဖြစ်ပေါ်ပြီးနောက် ရုပ်နာမ်သင်္ခါရတို့အပေါ်၌ အပြစ်မြင်မူ(အာဒီန၀ဉာဏ်)၊ အပြစ်မြင်လာလျှင် ထိုရုပ်နာမ်တို့အပေါ်၌ ငြီးငွေ့မူ(နိဗ္ဗိဒါဉာဏ်)၊ ထိုသို့ငြီးငွေ့လာလျှင် ပိုက်ကွန်တွင် မိနေသော ငါးသည် ပိုက်ကွန်မှ လွတ်မြောက်လိုသကဲ့သို့ ရုပ်နာမ်သင်္ခါရတို့မှ လွတ်မြောက်လိုမူ (မုစ္စိတုကမျတာဉာဏ်)တို့ အဆင့်ဆင့် ဖြစ်ပေါ်လာမည်ဖြစ်သည်။

(၈) ပဋိသင်္ခါဉာဏ်
ရုပ်နာမ်သင်္ခါရတို့အပေါ်၌ အနိစ၊္စ ဒုက္ခ၊ အနတ္တ ဟု ထပ်မံ၍ ရူမြင် သုံးသပ်သော ဉာဏ်ကို ပဋိင်္သခါဉာဏ်ဟု ခေါ်သည်၊ ရှေ့မုစ္စိတုကမျတာဉာဏ် ဖြစ်ရုံမျှဖြင့် ရုပ်နာမ်သင်္ခါရတို့မှ လွတ်မြောက်သေးသည် မဟုတ်၊ လွတ်မြောက်လိုရုံမျှသာ ရှိသေး၏၊ ဤပဋိသင်္ခါဉာဏ်ဖြင့် ရုပ်နာမ်သင်္ခါရတို့ကို အနိစ္စ ဒုက္ခ အနတ္တ ဟု တစ်ဖန်ထပ်၍ ရူရသေးသည်။

(၉) သင်္ခါရုပေက္ခာဉာဏ်
ပဋိသင်္ခါဉာဏ်ဖြင့် ရုပ်နာမ်သင်္ခါရတရားတို့ကို ထပ်မံရူပြီးနောက် ထိုရုပ်နာမ်သင်္ခါရတို့၌ လျစ်လျူရူနိုင်သော ဉာဏ်ကို သင်္ခါရုပေက္ခာဉာဏ်ဟုခေါ်သည်၊ ဤ၌ လျစ်လျူရူခြင်းဆိုသည်မှာ ရုပ်နာမ်သင်္ခါရတို့ကို အာရုံမပြုဘဲနေခြင်းမျိုးမဟုတ်၊ ထိုရုပ်နာမ်သင်္ခါရတို့အပေါ်၌ သာယာနှစ်သက်ဖွယ်၊ ကြောက်ရွံ့ဖွယ်ဟု မမြင်တော့ဘဲ အနိစ္စ ဒုက္ခ အနတ္တ ဟုသာ ရူမြင်ဆင်ခြင်နေခြင်း ဖြစ်သည်။

(၁၀) အနုလောမဉာဏ်
သင်္ခါရုပေက္ခာဉာဏ်ဖြင့် ရုပ်နာမ်သင်္ခါရတို့အပေါ်၌ လျစ်လျူရူ၍ အနိစ္စ ဒုက္ခ အနတ္တဟု ရူဆင်ခြင်ဖန်များလာသောအခါ ရုပ်နာမ်သင်္ခါရတို့မှ လွတ်ကင်းရာ နိဗ္ဗာန်ကိုသာ စိတ်ညွတ်လျက် ရှာဖွေနေတော့၏။ ထိုသို့ နိဗ္ဗာန်ကို ရှာဖွေရင်း ရုပ်နာမ်သင်္ခါရတို့ကို အာရုံပြုနေရသေးသည်၊ နိဗ္ဗာန်ကို မမြင်သေးမျှ သင်္ခါရတို့ကိုပင် ဆက်လက် အာရုံပြုနေရသည်၊ နိဗ္ဗာန်ကို မြင်ကာနီးအချိန်တွင်မူ ပရိကံ ဥပစာ အနုလုံဟု အနုလောမဉာဏ်ပေါ်လာသည်၊ ထို့နောက် နိဗ္ဗာန်ကို အာရုံပြုလျက် ဂေါတြဘုစိတ်ဖြစ်ပေါ်ကာ မဂ်ဖိုလ်အထိ ဆိုက်ရောက်လေတော့သည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော်စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

0 comments:

Post a Comment