Wednesday, March 13, 2013

လေဝ (သို့မဟုတ်) ဗိုက်စူထွက်သူများအတွက် ဆေးနည်းကောင်း


အနောက်တိုင်း ဆေးပညာတွင် ဝလာခြင်း၊ ကိုယ်အလေးချိန် တက်လာမြင်း မှန်သမျှသည် ခန္ဓာကိုယ်တွင် အဆီများ စုပုံလာပြီး “ကိုလက်စထရော” တက်လာခြင်း၏ အကြောင်းရင်းဖြစ်သည်ဟု ဆိုသည်။ မြန်မာဆေးပညာတွင်မူ အဆီဝနှင့် လေဝဟူ၍ နှစ်မျိုးရှိသည်။ အိန္ဒိယမှလာသော အာယုဗေဒ ဆေးပညာတွင်ကား လေ၊ သည်းခြေ၊သလိပ်တို့ဖြင့် ဖွဲ့စည်းထားသော
တည်ဆောက်ထားသော ခန္ဓာကိုယ်ကြီးတွင် လေကြောင့်လည်း ဝနိုင်သည်။ သလိပ်ကြောင့်လည်း ဝနိုင်သည်။ သည်းခြေကြောင့်လည်း ပိန်နိုင်သည်။
သလိပ်ဆိုသည်မှာ အချွဲအမြှေး စေးကပ်သော ဓာတ်သဘော၊ ဆူဖြိုးသော ဓာတ်သဘောကို ရည်ညွှန်းဆိုလိုပါသည်။ ပါးစပ်မှ ထွေးထုတ်ပစ်သော သလိပ်ကို မမြင်ပါနှင့်။ သလိပ်ဓာတ်အား ကောင်းသူသည် ဆူဖြိုးသော ခန္ဓာကိုရှိပြီး စိုပြေသော အသားအရေ ရှိမည်။ အေးသော အသားအရည် ရှိမည်ဖြစ်သည်။ အဆီလည်းများသည်။ အသားထက် အဆီထူလာသော ဝခြင်းမျိုးကို သလိပ်ဝဟု ခေါ်ခြင်းဖြစ်သည်။ သည်းခြေဓာတ်၏ သဘောမှာကား ထက်မြတ်ခြင်း၊ပူခြင်း၊ စပ်ခြင်း သဘောရှိသည်။ ဆီးနှင့် ဝမ်းတို့ကို ရွှင်စေသော သဘောရှိသည်ဟု ဆိုသည်။ အသားအရည်၏ အရောင်ညိုခြင်း၊ မဲခြင်း၊ ဝါခြင်း၊ တောက်ပခြင်းတို့သည် သည်းခြေနှင့် ဆိုင်သည်။ ထို့အပြင် မှတ်ဥာဏ်နှင့် သာဓကဥာဏ်၊ ဇဝနဥာဏ် ကောင်းခြင်းတို့သည်လည်း သည်းခြေနှင့်ပင် ဆိုင်သည်။ ပါစကသည်းခြေဆိုလျှင် ဆရာဝန်တို့သိသော အသည်းတွင် တွယ်ကပ်နေသည့် သည်းခြေအိတ်မှ ထွက်သော သည်းခြေရည်ဖြစ်ပြီး အစာချေရာတွင် အထောက်အကူပြုသည်။

သည်းခြေအား ကောင်းသူသည် ပေါ့ပါးသွက်လက်သည်။ ဥာဏ်ကောင်းပြီး လျှင်မြန်ပေါ့ပါးသူ ဖြစ်သည်။ စိတ်ဆတ်ပြီး စိတ်တိုလွယ်သောသူသည် သည်းခြေပကတိလူသား ဖြစ်သည်။ သို့သော် သည်းခြေဓာတ် လွန်ကဲလျှင် အစာအိမ်ကို ပြန်လောင်ပြီး အစာအိမ်နာရောဂါ ဖြစ်တတ်သည်။ လူကို ပိန်ကျုံစေသည်။ လေပကတိ၏ သဘောမှာ သွက်လက်စေသည်။ လေကဲ့သို့ ပေါ့ပါးသည်။ ပြေးလွှား လုပ်ဆောင်ရသော အလုပ်မျိုးတွင် စွမ်းဆောင်နိုင်သည်။ စကားပြောများသည်။ အအိပ်အနေ နည်းသည်။ စိတ်ဂဏှာမငြိမ် ဖြစ်တတ်သည်။ သွားလာထိုင်ထရာတွင် အဆစ်အဆက်များမှ အသံမြည်တတ်သည်။ ဤသည်မှာ လေပကတိ လူသားတွင် တွေ့ရသည့် သဘောပင် ဖြစ်သည်။ သို့သော် လေသမားသည် သည်းခြေသမားကဲ့သို့ မပိန်ဘဲ တစ်ခါတစ်ရံ ဝလာတတ်သည်။ လေပကတိလူသား ဝလျှင် သလိပ်ပကတိ လူသားကဲ့သို့ လက်ချောင်း၊ ခြေချောင်းများနှင့် မျက်နှာတွင် ပြည့်ဖြိုး ဖောင်းကားမလာဘဲ ဝမ်းဗိုက်တွင် စူထွက်လာတတ်သည်။
မျက်နှာနှင့် လက်ချောင်း၊ ခြေချောင်းများမှာ လိုက်ဝမလာဘဲ ပုံမှန်ပင် ဖြစ်နေတတ်သည်။ ဝသော်လည်း သွက်လက်စွာ လှုပ်ရှားနေသူ၊ စကားပြောနေသူများမှာ “လေဝ” များ ဖြစ်ပေသည်။ လေဝသမားများသည် ငြိမ်ငြိမ်နေတတ်ပြီး အထိုင်များသော အလုပ်မျိုးနှင့် မကိုက်ညီပေ။ အထိုင်များလျှင် ဗိုက်ပိုစူလာခြင်းမှာ ဝမ်းဗိုက်အတွင်းရှိ အူမကြီးများတွင် လေခိုပြီး ဖောင်းလာခြင်းကြောင့် ဖြစ်သည်။ ဝမ်းချုပ်လေ့ရှိသည်။ ဝမ်းချုပ်ရခြင်းမှာ လေသည် အထက်သို့ ဆန်ပြီး အောက်သို့ မစုန်သောကြောင့် ဖြစ်သည်။ လေစာများများစားလျှင် ပို၍ ဆိုးသည်။ လေကြောင့် အစာမကြေခြင်းနှင့် ခေါင်းအုံးမူးဝေခြင်း၊ ဇက်ကြောထိုးခြင်းများပါ ဖြစ်နိုင်လေသည်။ ဗိုက်စူထွက်ပြီး လေဝ ဝနေသူများသည် လေစာများကို သိထားရန် လိုသည်။ “အခါးဟူသမျှ လေဓာတ်ကြွသည်” ဟူသော အဆိုရှိသည်။ ခါးသော အရသာရှိသည့် ခွေးတောက်၊ တမာ၊ ကြောင်လျှာ၊ ကြက်ဟင်းခါး၊ လက်ဖက် စသည်တို့သည် လေစာများဖြစ်သည်။အေးသောအခါ ခါးသွားသည့် မုံညင်း၊ မုံလာ၊ ကိုက်လန်၊ ဟင်းနုနွယ်၊ မြူရွက်၊ မယ်ဇလီဖူး၊ ဂေါ်ရခါးညွန့် စသည်တို့မှာလည်း လေစာများ ဖြစ်သည်။
လေဝဖြစ်ပြီး ဗိုက်စူသူများသည် လက်ဖက်ရည်ဆိုင်ထိုင်ပြီး ရေနွေးကြမ်း (အဖန်ရည်) သောက်လျှင်လည်း ပိုဆိုးတတ်သည်။ ဗိုက်စူသည့်အပြင် လေချုပ်သည့်ရောဂါပါ ရတတ်သည်။ လေချုပ်လျှင် ခံတွင်းပျက်၊ အစားပျက်၊အစာမကြေ ဖြစ်စေနိုင်သည်။ အထူးသဖြင့် ရေနွေးကြမ်း၊ အဖန်ရည်ကို တစ်ခွက်၊ နှစ်ခွက်ထက် ပိုပြီး မသောက်သင့်ပေ။ ရှေးခေတ်က လူကြီးများသည် အဖန်ရည်သောက်လျှင် ဆားလှော်အနည်းငယ် ထည့်သောက်လေ့ရှိသည်။ လေမချုပ်၊ ဝမ်းမချုပ်စေရန် ထည့်သောက်ခြင်း ဖြစ်သည်။ ယခုခေတ်တွင် ဆားထည့်လျှင် သွေးတိုးမည် ထင်သဖြင့် ထိုဓလေ့မှာ ပျောက်ကွယ်သလောက် ရှိပြီဖြစ်သည်။ အသင့်အတင့် ထည့်ရုံဖြင့် သွေးမတိုးနိုင်ပါ။ ဗိုက်စူနေသူများသည် နိမ့်ပြီး အိစက်သော ဆိုဖာများတွင် ထိုင်ပြီး အလုပ်လုပ်ခြင်း မသင့်တော်ပါ။ ဆိုဖာကြောင့် ဗိုက်ကြောများမှာ ခေါက်ဝင်ပြီး ပိုစူထွက်နိုင်သည်။ ဆိုဖာထိုင်ခုံတွင် ထိုင်ပြီး တီဗီဇာတ်လမ်းတွဲများ ကြည့်ခြင်း၊ စကားကြာကြာ ပြောခြင်းများကြောင့် ဗိုက်စူထွက်ခြင်းမှာ ပိုဆိုးလာနိုင်သည်ကို သတိပြုသင့်ပါသည်။
ဗိုက်စူနေသူများသည် ထမင်းစားလျှင် ပူပူနွေးနွေးစားမှ အစာကြေမည်။ အေးစက်နေသော ထမင်း၊ဟင်း စားလျှင် အစာမကြေဖြစ်ပြီး လေပိုပွစေနိုင်သည်။ ဟင်းချိုရည်ပူပူ သောက်စားခြင်းဖြင့် လေကို အောက်သို့ ကျစေနိုင်သည်။အချိုရည်နှင့် ရေခဲရေများ သောက်ခြင်းသည် အစာမကြေ ဖြစ်စေသည့်အပြင် လေကို ပျက်စေနိုင်ပြီး ဝမ်းပိုချုပ်စေနိုင်သည်။ လေသမားများအတွက် အရေးပါသည့် အချိန်မှာ ညနေစောင်းအချိန် ဖြစ်သည်။ နံနက်သလိပ်၊နေ့လည်သည်းခြေ၊ ညနေလေဟု အဆိုရှိသဖြင့် လေသမားများအတွက် ဓာတ်စာပေးလျှင် ညနေအချိန်တွင် ပေးလေ့ရှိသည်။ ညနေစောင်း (ညနေ ၃ နာရီမှ ၆ နာရီအတွင်း) အချိန်တွင် ရှောက်ဖျော်ရည်၊ မန်ကျည်းမှည့်ဖျော်ရည်၊ကမ္ဗလာသီးဖျော်ရည်၊ ဇီးဖျော်ရည်များ တိုက်ကျွေးလျှင် လေအောက်သက်ပြီး ဝမ်းမှန်စေသည်ဟု ရှေးကဆရာကြီးများ ပေးလေ့ရှိသော ဓာတ်စာဖြစ်သည်။ “လေမျိုးရှစ်ဆယ်ဆေး” သည် ရှေးကုန်းဘောင်ခေတ်မှ စ၍ သမားတော်များသုံးသော လက်စွဲဆေးဖြစ်သည်။ ထိုဆေးတွင် လေကြေစေသော သိန္ဓောဆားနှင့် ဇဝက်သာဆားများ ပါဝင်သည်။
(လေမျိုးရှစ်ဆယ် ဆေးနည်းကို အောက်တွင် ဖော်ပြထားပါသည်။ မည်သူမဆို မိမိအိမ်သုံးအတွက် ပရဆေးဆိုင်များတွင် ဖော်စပ် သုံးစွဲနိုင်ပါသည်။) လေမျိုးရှစ်ဆယ်ဆေးကို လျှက်ဆားကဲ့သို့ ထမင်းစားပြီးလျှင်လည်း ရသည်။သို့မဟုတ် ရှောက်သီးအရည်ဖြင့် ဖျော်ပြီး သောက်လျှင်လည်း ရသည်။ အဆီကျ ပိန်လိုသူများသည် လေမျိုးရှစ်ဆယ်ဆေး ကော်ဖီဇွန်းငယ် တစ်ဇွန်းကို ရေနွေးသောက်သည့် ကြွေပန်းကန်တစ်လုံးတွင် ထည့်၍ ရှောက်သီးအရည် ကြွေဇွန်း၃ဇွန်းဖြင့် ဖျော်စပ်ပါ။ ချက်ချင်းဖျော်ပြီး ချက်ချင်းသောက်ပါ။ ခံတွင်းချဉ်လျှင် ရေအေးတစ်ခွက် သောက်ပါ။ နေ့စဉ် ညနေ ၃ နာရီမှ ၆ နာရီအတွင်း အစာနှင့် ဝေးချိန်တွင် သောက်ပေးလျှင် အဆီကျပြီး ပိန်စေနိုင်ပါသည်။ လေပွပြီး ဗိုက်စူထွက်ခြင်းကို သက်သာစေသည်။ တစ်လခန့် မှန်မှန်သောက်ရန် လိုပါသည်။ လေမျိုးရှစ်ဆယ် ဆေးနည်းတွင် ပါဝင်သော ကုန်ကြမ်းနှင့် အလေးချိန်များမှာ
၁။ဖာလာငယ်- ၈ ပဲသား၊ ၂။လေညှင်းပွင့်- ၁၂ ပဲသား၊ ၃။ကွက္ကရာ- ၁၂ ပဲသား၊ ၄။ပရုတ်- ၃ ကျပ် ၄ ပဲသား၊ ၅။နွယ်ချို ၅ ကျပ် ၈ ပဲသား၊ ၆။ဆားပုပ်- ၆ ကျပ် ၄ ပဲသား၊ ၇။ဇဝက်သာ- ၁၂ ကျပ် ၈ ပဲသား၊ ၈။သိန္ဒော- ၂၅ ကျပ် ၈ ပဲသား၊ စုစုပေါင်း- ၅၄ ကျပ် ၈ ပဲသား။
လတ်ဆတ်သောဆေးဝါး၏အရောင်- သနပ်ခါးရောင်၊ ဖြူဝါဖျော့
လတ်ဆက်သောဆေးဝါး၏အနံ့- ပရုတ်လွှမ်းသောအနံ့
လတ်ဆတ်သောဆေးဝါး၏အရသာ- အေး၊ ချို၊ ငန်၊ စပ်
အဓိကနိုင်သောရောဂါများ- လေနာရောဂါများ၊ သလိပ်ကပ်၊ ချောင်းဆိုး
ဆေးတစ်ခွက်ပမာဏ- လူကြီး ၂ ပဲသား (ကော်ဖီဇွန်းငယ် ၁ ဇွန်း)၊ ကလေး ၁ ပဲသား (ကော်ဖီဇွန်းငယ် ဇွန်းဝက်)
ကြည်လွင်မြင့် (မုဒြာ)
source>>>http://www.facebook.com/yatanarpon.com.mm/posts/303258143136085

1 comment: