Wednesday, April 24, 2013

Mobile Question & Answer

ဖုန်းကိုင်ထားတဲ့ သူငယ်ချင်းတွေအတွက်အသုံးဝင်မဲ့ Mobile အမေးအဖြေလေးတွေပါ အသုံးမဝင်တဲ့ပညာရပ်ဆိုတာမရှိပါဘူး သူငယ်ချင်းတို့အတွက်အခုအသုံးမဝင်ရင်တောင်နောက်အသုံးဝင်မှာပါနော်
Mobile ခေတ်ကြီးထဲမှာသိထားတာမမှားပါဘူးနော် မဟုတ်ရင်ဘာမဟုတ်တာလေးနဲ့ဖုန်းပြင်ဆိုင်မှာ ပိုက်စံအကုန်ခံနေရမှာပေါ့ အခုလိုသိထားတော့ သူငယ်ချင်းတို့အတွက်အသုံးမဝင်ရင်တောင် မသိတဲ့သူတွေမေးလာရင်ပြန်ပြောပြလို့ရတာပေါ့နော်
ကဲချစ်ဘော်ဘော်တွေအောက်မှာ Mobile Question & Answers တွေကြည့်လိုက်ရအောင်နော်
(1)မေး - ကျွန်တော့်ဖုန်းက Android OS ဖုန်းပါ။ ဖုန်းကတော့ Android Version 2.3 ပဲရှိပါတယ်။  Android OS  ဖုန်းတွေမှာ မိုဘိုင်းအင်တာနက်စနစ်ကို ဖုန်းကနေတစ်ဆင့် ၀ိုင်ဖိုင်ပြန်လွှင့်ပြီး ကွန်ပျူတာကနေ တစ်ဆင့်ပြန်ဖမ်းယူပြီး အသုံးပြုလို့ရတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ခုကျွန်တော့်ဖုန်းမှာ အဲဒီလိုမျိုးဖုန်းကနေ ၀ိုင်ဖိုင်ပြန်လွှင့်လို့ မရဘူးဖြစ်နေပါတယ်။ အဲဒါ ဘာကြောင့်ပါလဲ။ ၀ိုင်ဖိုင်ပြန်လွှင့်တဲ့စနစ်ဖြစ်တဲ့ Tethering & Portable Hotspot ဆိုတဲ့စနစ်လည်း ပါပါတယ်။ ဒါပေမယ့် သုံးလို့မရဘူးဖြစ်နေပါတယ်။  အဲဒါ ဘာကြောင့်လဲဆိုတာ သိပါရစေ။
ဖြေ - Android OS ဖုန်းတွေမှာ ဖုန်းက မိုဘိုင်းဖုန်းအင်တာနက်စနစ်ကို ၀ိုင်ဖိုင်ပြန်လွှင့်ပြီး ကွန်ပျူတာတွေကနေ ဖမ်းယူပြီး အသုံးပြုလို့ရတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ဒီလိုအသုံးပြုတဲ့နေရာမှာတော့ အနည်းငယ် ကွဲလွဲချက်ရှိပါတယ်။  Android OS Version 2.1 တွေနဲ့ 2.2 တွေမှာဆိုရင် ဒီလိုမျိုး စနစ်မျိုးကို အသုံးပြုလို့မရပါဘူး။ ဒီစနစ်က ဗားရှင်း 2.3 တွေမှာမှ အသုံးပြုလို့ရနိုင်ပါတယ်။ 2.3 တွေမှာ အသုံးပြုလို့ရတယ်ဆိုတဲ့နေရာမှာတောင် ပထမပိုင်းကထွက်ခဲ့တဲ့ Android OS ဗားရှင်း 2.3 တွေမှာဆိုရင်လည်း ဒီလိုမျိုးပြဿနာအချို့ရှိပါတယ်။ WiFi ပြန်လွှင့်ပြီး အသုံးပြုတဲ့ စနစ်ဖြစ်တဲ့ Tethering & Portable hotspot ဆိုတဲ့စနစ်ကတော့ ပါဝင်ပါတယ်။ ဒါပေမယ့် 2.3 အောက်ဗားရှင်းတွေမှာဆိုရင် ဒီစနစ်က ပါဝင်ပေမယ့်လည်း အသုံးပြုလို့မရပါဘူး။ ဖုန်းက WiFi ပြန်မလွှင့်ပေးနိုင်ပါဘူး။ 2.3 ဗားရှင်းတွေမှာဆိုရင်တောင် အချို့ဖုန်းတွေမှာပါဝင်တဲ့ 2.3 ဗားရှင်းတွေမှာဆိုရင် ဒီစနစ်က အလုပ်မလုပ်သေးပါဘူး။ 2.3.1 ကနေစပြီး 2.3.2, 2.3.3, 2.3.4 အစရှိတဲ့ဗားရှင်းတွေမှာမှပဲ ဒီစနစ်က ကောင်းကောင်းအလုပ်နိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ အသုံးပြုလို့ မရတာလည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်က WiFi ကို Password ပြန်ခံထားမိရင်လည်း ကွန်ပျူတာနဲ့ချိတ်လို့မရဘဲ Password တောင်းနေတာမျိုးရှိပါတယ်။ ဒါကတော့ ဖုန်းရဲ့ settingထဲမှာ ပြန်ကြည့်မှပဲ ရနိုင်ပါလိမ့်မယ်။
(2)iPhone Lock ဖုန်းကိုဝယ်ယူပြီး ၀ယ်လိုက်တဲ့ပြည်ပနိုင်ငံမှာပဲ တစ်ခါတည်း Unlock ပြုလုပ်လာမယ်ဆိုရင် ပြည်တွင်းမှာ ဆက်လက်ပြီး အသုံးပြုလို့ရနိုင်ပါသလား။ အချို့က အဲဒီလိုဖုန်းမျိုးတွေကို အသုံးပြုမယ်ဆိုရင် Unlock ပြုလုပ်ခဲ့တဲ့ ဘဏ်အကောင့်တွေပါလိုမယ်လို့ ပြောနေပါတယ်။ အဲဒါဟုတ်ပါသလား။
iPhone Lock ဖုန်းတွေကို ပြည်ပကနေ Unlock ပြုလုပ်လာပြီး ပြည်တွင်းမှာ ပြန်အသုံးပြုလို့ရပါသလားဆိုရင်တော့ ရတယ်လို့ပဲပြောရမှာပါပဲ။ ပြည်တွင်းမှာရှိနေတဲ့ Lock ဖုန်းအများစုက အမေရိကန်နိုင်ငံရဲ့ဖုန်းတွေပဲ များပါတယ်။ Lock ဖုန်းတွေကို အမေရိကန်မှာ တစ်ခါတည်း Unlock ပြုလုပ်လာပြီး ပြည်တွင်းမှာ အသုံးပြုတဲ့အခါ Unlock ပြုလုပ်ခဲ့တဲ့ နိုင်ငံရဲ့ ဘဏ်အကောင့်တွေ လိုအပ်တယ် ဆိုတာလည်း ဟုတ်ပါတယ်။ ဒါပေမယ့် ဒါက ဖုန်းအလုံးတိုင်းအတွက်မဟုတ်ပါဘူး။ ပြည်ပမှာ Official Unlock ပြုလုပ်လာတဲ့ iPhone တိုင်းက ပြည်တွင်းမှာ အသုံးပြုလို့ရပါတယ်။ ကွာခြားချက်ကတော့ အမေရိကန်နိုင်ငံမှာ iPhone နဲ့ ဖုန်းလိုင်းကိုဝယ်ယူတဲ့အခါမှာ ဘဏ်အကောင့်တွေ၊ ဘဏ်ကတ်တွေကို အသုံးပြုခဲ့တယ်ဆိုရင်ပဲဖြစ်ဖြစ် ဖုန်းကို Official Unlock ပြုလုပ်တဲ့နေရာမှာ ဘဏ်ကတ်ကို အသုံးပြုခဲ့တယ်ဆိုရင်ပဲဖြစ်ဖြစ် အဲဒီလိုမျိုး ပြုလုပ်ခဲ့တဲ့ဖုန်းတွေကို ပြည်တွင်းမှာအသုံးပြုတဲ့အခါမှာ အခက်အခဲရှိပါတယ်။ အမေရိကန်နိုင်ငံမှာ ဘဏ်အကောင့်နဲ့ ဖုန်းကို Official Unlock ပြုလုပ်ခဲ့ပြီး ဖုန်းအသစ်ကို ပြည်တွင်းရောက်မှ Activate ပြန်လုပ်မယ်ဆိုရင်တော့ Unlock ပြုလုပ်ခဲ့တဲ့ ဘဏ်အကောင့်တွေ ပြန်တောင်းမှာဖြစ်ပါတယ်။ အဲဒီလိုမှမဟုတ်ပဲနဲ့ အမေရိကန်မှာ ဘဏ်အကောင့်နဲ့ ၀ယ်ယူပြီး ဘဏ်အကောင့်နဲ့ပဲ Unlock ပြုလုပ်ခဲ့ပေမယ့် အမေရိကန်မှာပဲ တစ်ခါတည်း Activate ပြုလုပ်ပြီး အသုံးပြုခဲ့ပြီးသားဖုန်းဆိုရင်တော့ ပြည်တွင်းမှာ Activate ပြန်လုပ်ဖို့ မလိုအပ်ဘူးဆိုရင် ဘဏ်အကောင့်တွေ မတောင်းပါဘူး။ တစ်ခါတည်း အသုံးပြုလို့ရပါတယ်။ ဒါကြောင့် Lock ဖုန်းတွေကို ပြည်ပမှာ Unlock ပြုလုပ်ခဲ့တယ်ဆိုတဲ့နေရာမှာ ပြုလုပ်ခဲ့တဲ့ပုံစံနဲ့ စနစ်တွေပေါ်မှာမူတည်ပြီး ပြည်တွင်းမှာအသုံးပြုဖို့ လွယ်ကူမှု ခက်ခဲမှုတွေရှိနိုင်တယ်လို့ပဲဆိုရမှာဖြစ်ပါတယ်။ ပြည်ပမှာ Official Unlock ပြုလုပ်ခဲ့တယ်ဆိုတိုင်း ပြည်တွင်းမှာအသုံးပြုနိုင်ဖို့ အခက်အခဲရှိတာမျိုးတော့မဟုတ်ပါဘူး။
(3)ကျွန်တော့်ဖုန်းက Galaxy Note II ဖုန်းပါ။ ဖုန်းမှာ ဘယ်နေရာကို သွားထိမိတယ်မသိပါဘူး။ ဖုန်းတစ်ခုလုံးမှာ မျဉ်းကြောင်းတွေပေါ်နေပါတယ်။ ဖုန်းရဲ့  Setting  ထဲမှာဆိုရင်လည်း  စနစ်တွေအားလုံးကို လေးထောင့်ကွက်တွေ မျဉ်းကြောင်းတွေနဲ့ ဖြစ်နေပါတယ်။ ဒါ့အပြင် Home Screen ပေါ်မှာလည်း Icon တွေကို လေးထောင့်ကွက်တွေနဲ့ ဘောင်ခတ်ထားတာမျိုးတွေ ဖြစ်နေပါတယ်။ ဖုန်းစနစ်တွေအားလုံးကိုဝင်လိုက်တိုင်း မျဉ်းကြောင်းတွေနဲ့ဖြစ်နေပါတယ်။ အဲဒါ ဘာဖြစ်သွားတာပါလဲ။ ဘယ်လိုပြန်လုပ်လို့ရပါသလဲ။ ဖုန်းကတော့ သုံးရတာဘာမှမဖြစ်ပါဘူး။ အားလုံးကောင်းနေပါတယ်။ ဒါပေမယ့် မျဉ်းကြောင်းတွေနဲ့ရှုတ်ယှက်ခက်နေပါတယ်။
Samsung Galaxy Note II ဖုန်းက Android OS Version 4.1 ဖြစ်ပါတယ်။ ဒီဗားရှင်းထဲမှာပါဝင်တဲ့ Show Layout ဆိုတဲ့စနစ်ကြောင့် ဖြစ်နေတာ ဖြစ်နိုင်ပါတယ်။ Show Layout Boundaries ဆိုတဲ့စနစ်ကို အသုံးပြုထားမယ်ဆိုရင် ဖုန်းမှာ အဲဒီလိုမျိုး မျဉ်းကြောင်းတွေ လိုက်ပေါ်နေတတ်ပါတယ်။ ဒါက ဖုန်းကိုဖွဲ့စည်းထားတဲ့ Layout ပုံစံကို ပြသတဲ့ပုံစံမျိုး ဖြစ်ပါတယ်။ ဒီစနစ်ကြောင့် ဖြစ်နေတာဖြစ်နိုင်ပါလိမ့်မယ်။ ဒီစနစ်ကတော့ ဖုန်းတစ်လုံးရဲ့ ဖွဲ့စည်းမှုနေရာတိုင်းမှာရှိနေတဲ့ Layout ပုံစံတွေကို ပြသနေတဲ့အတွက်ကြောင့် Home Screen ပေါ်မှာရှိနေတဲ့ Icon တွေမှာရော Setting ထဲမှာရှိနေတဲ့စနစ်တွေအားလုံးကိုပါ မျဉ်းကြောင်းဘောင်တွေခတ်ပြီး ပြသနေတာဖြစ်ပါတယ်။ ဒီစနစ်ကို ပိတ်ချင်တယ်ဆိုရင်ရပါတယ်။ ပိတ်မယ်ဆိုရင်တော့ ဖုန်းရဲ့ Setting ထဲကိုသွားလိုက်ပါ။ Setting ထဲမှာ Developer Option ဆိုတဲ့စနစ်ရှိပါတယ်။ Developer Option ထဲကို ၀င်လိုက်မယ်ဆိုရင် အဲဒီထဲမှာ Show Layout Boundaries ဆိုတဲ့စနစ် ရှိပါတယ်။ ဒီစနစ်နေရာမှာ အမှတ်ကလေးရှိနေတယ်ဆိုရင် အဲဒီအမှတ်ကလေးကို ဖျက်လိုက်ပါ။ ဒါဆိုရင် ဖုန်းမှာပေါ်နေတဲ့ မျဉ်းကြောင်းတွေ ပျောက်သွားပါလိမ့်မယ်။
(4)  ကျွန်တော့်ရဲ့ဖုန်းက Samsung ဖုန်းပါ။ ကျွန်တော့်ဖုန်းမှာ ဓာတ်ပုံရိုက်တဲ့အခါ ဖုန်းထဲမှာရှိနေတဲ့ Memory Card ထဲမှာ Save လုပ်ပါတယ်။ အရင်တုန်းကတော့ ဓာတ်ပုံရိုက်တဲ့အခါမှာ သိပ်ပြီးပြဿနာရှိပေမယ့် ဓာတ်ပုံတွေကို သိမ်းဆည်းတဲ့အခါမှာတော့ Memory Card ထဲမှာ ဓာတ်ပုံတွေရဲ့ Temp ဖိုင်တွေကျန်ခဲ့ပါတယ်။ ဖုန်းရဲ့ Memory Card ပြည့်လုနီးပါး ဖြစ်သွားတဲ့အချိန်မှာဆိုရင် ဓာတ်ပုံတွေရဲ့ Temp ဖိုင်တွေကိုဖျက်လိုက်ရင် အဆင်ပြေသွားပါတယ်။ ဒါပေမဲ့ ခုနောက်ပိုင်းမှာတော့ Memory Card ဟာခဏလေးနဲ့ ပြည့်ပြည့်သွားပြီး Temp ဖိုင်တွေဟာ ခဏလေးနဲ့ များများသွားပါတယ်။ နောက်ပိုင်းမှာ ဘယ်လောက်အခြေအနေ ဆိုးလာသလဲဆိုရင် ဓာတ်ပုံတစ်ပုံပဲ ရိုက်ရသေးတယ် Temp ဖိုင်က 2GB လောက်ဖြစ်သွားပါတယ်။ အဲဒါဘာကြောင့်ပါလဲ။ ဘယ်လိုလုပ်ရပါမလဲ။ Temp ဖိုင်တွေ အများကြီး ဖြစ်မလာအောင် ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်ပါမလဲ။
ဒီလိုအဖြစ်အပျက်မျိုးတွေက Samsung ဖုန်းတွေမှာမှ မဟုတ်ပါဘူး။ အခြား Android OS စနစ်သုံး ဖုန်းတွေမှာဆိုရင်လည်း ဒီလိုမျိုးဖြစ်တတ်ပါတယ်။ ဖုန်းထဲမှာ Temp ဖိုင်တွေများလာပြီး ဖုန်းရဲ့မှတ်ဉာဏ်ဟာ ခဏလေးနဲ့ ပြည့်ပြည့်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကတော့ Wipe Cache Partition ဆိုတဲ့စနစ်ကြောင့် ဖြစ်တတ်ပါတယ်။ ဖုန်းထဲမှာ ဒီလိုမျိုး Temp ဖိုင်တွေ များလာပြီဆိုရင်တော့ SD Card ကို ကွန်ပျူတာနဲ့ချိတ်ပြီး Format လုပ်ထားရင်တောင်မှ ပြန်ပြီးပြည့်လာတတ်ပါတယ်။ ဒါကြောင့်ဖုန်းရဲ့ Recover Mode ထဲမှာရှိနေတဲ့ Wipe Cache Partition ဆိုတဲ့ စနစ်ထဲမှာ သွားပြီးတော့ ဖျက်လိုက်ရင် အဆင်ပြေသွားနိုင်ပါလိမ့်မယ်။ ပြုလုပ်ချင်တယ်ဆိုရင်တော့ Samsung ဖုန်းတွေမှာဆိုရင် ဖုန်းရဲ့ Volume Up Key, Home Key နဲ့ Power Key သုံးခုကို တစ်ပြိုင်နက် ဖိထားလိုက်ရင် ဖုန်းရဲ့ Recover Mode ထဲကို ရောက်ရှိပါလိမ့်မယ်။ အဲဒီထဲမှာ Wipe Cache Partition ဆိုတာရှိပါတယ်။ အဲဒါကိုရွေးချယ်ပြီး နှိပ်လိုက်ပါ။ ဒီနေရာမှာ ဂရုစိုက်ရမယ့် အချက်ရှိပါတယ်။ အဲဒါကတော့ Wipe Cache Partition ဆိုတဲ့စနစ်နဲ့ ကပ်လျက်မှာပဲ Wipe Cache Factory Reset ဆိုတဲ့စနစ်လည်း ရှိနေပါတယ်။ ဒါကြောင့် စနစ်နှစ်ခုကို မှားနှိပ်မိလို့မရပါဘူး။ မှားနှိပ်မိရင် Factory Reset ဖြစ်ပြီး ဖုန်းထဲက အချက်အလက်တွေ အကုန်ပျက်သွားနိုင်ပါတယ်။
(5)  Apple iPad မှာ Notification တွေ မပြဘူးဖြစ်နေပါတယ်။ အဲဒါဘာကြောင့်ပါလဲ။ ပြီးတော့အချို့ Application တွေအတွက် Notification Alert ကို Screen ပေါ်မှာ ပြတာကို တွေ့ရပါတယ်။ အဲဒီလို ပြတာကိုမှ Cancel ဒါမှမဟုတ် Yes နှိပ်ရတာမျိုးလည်း တွေ့ပါတယ်။ ကျွန်တော့် iPad မှာ အဲဒီလိုမျိုးပြတာတွေ မရှိဘူးဖြစ်နေပါတယ်။ အဲဒါ ဘယ်လိုလုပ်ရမလဲ သိပါရစေ။
iPad ထဲမှာ Notification တွေ မပြဘူးဖြစ်နေရတာကတော့ ကိုယ့်ရဲ့ iPad အတွက် Notification Setting ထဲမှာ ပိတ်ထားလို့ဖြစ်နိုင်ပါတယ်။ iPad ရဲ့ Notification စနစ်ကို သွားပြီးဖွင့်လိုက်တာနဲ့ အဲဒါတွေအားလုံးက အဆင်ပြေသွားမှာဖြစ်ပါတယ်။ လုပ်ချင်တယ်ဆိုရင်တော့ ပထမဆုံး  iPad ရဲ့ Setting ထဲကိုဝင်ရပါမယ်။ Setting ထဲကိုရောက်ရင်တော့ အဲဒီထဲမှာ Notification ဆိုတဲ့စနစ်ကို တွေ့ရမှာဖြစ်ပါတယ်။ Notification ထဲမှာ အစုံတွေ့မြင်ရမှာဖြစ်ပါတယ်။ Notification Center ဆိုတဲ့ထဲမှာ ကိုယ်အသုံးပြုချင်တဲ့ Notification စနစ်ကိုသွားပြီး ပြုပြင်အသုံးပြုနိုင်ပါတယ်။ ဥပမာအနေနဲ့ ဆိုရင်တော့ Message ဆိုတဲ့ထဲကို ၀င်လိုက်မယ်ဆိုရင် Message Notification Center ဆိုတဲ့ထဲကို ရောက်ပါလိမ့်မယ်။ အဲဒီထဲမှာ ကိုယ့်စိတ်ကြိုက်ပြုပြင်ပြီး အသုံးပြုနိုင်ပါတယ်။ Notification Center ဆိုတဲ့နေရာမှာ Off  ဖြစ်နေတယ်ဆိုရင်တော့ On ကို ပြောင်းပေးခဲ့ရမှာဖြစ်ပါတယ်။ ဒါမှ Notification တွေကို ပြသပေးနိုင်မှာဖြစ်ပါတယ်။ iPad မှာ Notification တွေ မပေါ်ဘူးဆိုတာကလည်း Off ဖြစ်နေလို့ ဖြစ်ပါတယ်။  ဒီလိုမျိုးပဲ အခြားစနစ်တွေထဲမှာလည်း သွားပြီး Off ဖြစ်နေရင် On လုပ်ပေးရမှာဖြစ်ပါတယ်။ Notification ဆိုတဲ့စနစ်ထဲမှာ Calendar, Game Center, Installous, Message, Reminders အစရှိသဖြင့် စနစ်တွေ အများကြီးရှိပါတယ်။ အဲဒီစနစ်တွေ တစ်ခုချင်းစီထဲကိုဝင်ပြီး On လုပ်မှ Notification တွေကိုမြင်ရမှာပါ။ ဒါ့အပြင် Notification Alert တွေကို အကြိမ်အရေအတွက်နဲ့ ပြသချင်တယ်ဆိုရင်လည်း ပြုလုပ်လို့ရပါတယ်။ ဥပမာအနေနဲ့ Notification Center ထဲက Message ထဲကို ၀င်လိုက်တယ်ဆိုရင် အဲဒီထဲမှာ Repeat Alert ဆိုတာ ရှိပါတယ်။ အဲဒီနေရာမှာ သွားပြီးတော့ ကိုယ်ပြစေချင်တဲ့ Notification Alert အကြိမ်ရေကို သတ်မှတ်ပေးထားနိုင်ပါတယ်။
(6) 
Android OS ဖုန်းမှာ မိုဘိုင်းဖုန်း အင်တာနက်စနစ်ကို အသုံးပြုပါတယ်။ ဒီလိုမျိုး 3G အင်တာနက်စနစ်ကို အသုံးပြုတဲ့အခါမှာ ကျွန်တော်က ဖုန်းကနေ WiFi ပြန်လွှင့်ပြီးတော့ Laptop ကနေတစ်ဆင့် ပြန်ပြီးတော့ အသုံးပြုပါတယ်။
ဒီလိုမျိုး WiFi ပြန်လွှင့်ပြီး အသုံးပြုတယ်ဆိုရင် ကိုယ့်ရဲ့ WiFi ကို Password ခံထားရတယ်လို့ ပြောကြပါတယ်။ အဲဒီလိုမျိုး Password မခံထားရင် ကိုယ့်ရဲ့ WiFi ကို ဘေးကလူတွေ ၀ိုင်းပြီးသုံးလို့ ရနေတဲ့အတွက် ကိုယ့်အတွက် လိုင်းဆွဲအားကျတယ်လို့ ပြောပါတယ်။ အဲဒါဟုတ်ပါသလား။ WiFi ကို Password ခံထားချင်ရင် ဘယ်လိုလုပ်ရပါသလဲ။ ကျွန်တော့်ဖုန်းက Android OS Version 4.1.1 ပါ။
မိုဘိုင်းဖုန်း အင်တာနက်စနစ်ဖြစ်တဲ့ 3G အင်တာနက်စနစ်ကို ဖုန်းကနေတစ်ဆင့် WiFi ပြန်လွှင့်ပြီး အသုံးပြုတဲ့နေရာမှာ ကိုယ်အသုံးပြုနေတဲ့ WiFi ကို Password ခံထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ကိုယ်က WiFi ကို Password မခံထားဘူးဆိုရင် ကိုယ့်ဖုန်းကနေ ထုတ်လွှင့်ထားတဲ့ WiFi ဧရိယာအတွင်းမှာရှိနေတဲ့ Device တွေက ကိုယ့်ရဲ့ WiFi ကို အသုံးပြုလို့ ရနေပါလိမ့်မယ်။ ဒီလိုမျိုး Device တွေစုပြုံပြီး အသုံးပြုနေမယ်ဆိုရင်တော့ ကိုယ့်ဆီမှာ WiFi က Speed ကျဆင်းသွားနိုင်ပါတယ်။ Android OS Version 4.1.1 မှာ WiFi အတွက် Password ခံထားချင်တယ်ဆိုရင်တော့ ပထမဆုံးအနေနဲ့ Setting ထဲက More ထဲကိုသွားပါ။ More ထဲက Tethering and portable hotspot ဆိုတာကို တွေ့ရပါလိမ့်မယ်။ Tethering and portable hotspot ဆိုတဲ့ထဲကို ထပ်ဝင်လိုက်ပါ။ ဒါကတော့ ကိုယ့်ဖုန်းရဲ့ 3G စနစ်ကို WiFi အဖြစ် ပြန်လွှင့်ပေးတဲ့ စနစ်နေရာပဲဖြစ်ပါတယ်။ ဒီထဲမှာမှ Portable WiFi Hotspot ဆိုတာရှိပါတယ်။ အဲဒါကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ နောက်ထပ်စာမျက်နှာတစ်ခုကို မြင်တွေ့ရမှာဖြစ်ပြီး အဲဒီစာမျက်နှာရဲ့ အောက်ဘက်မှာ Allowed Devices နဲ့ Configure ဆိုတဲ့ စနစ်နှစ်ခုကို မြင်တွေ့ရပါလိမ့်မယ်။ ဒီထဲကမှ ကိုယ်က Password စနစ်ကို အသုံးပြုချင်တယ်ဆိုရင်တော့ Configure ဆိုတာကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ကိုယ့်ဖုန်းရဲ့ Network  SSID တွေ၊ Security တွေအပြင် Password စနစ်တွေကိုပါ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ကိုယ့်စိတ်ကြိုက် Password စနစ်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါကတော့ Android OS Version အားလုံးအတွက်မဟုတ်ဘဲ Version 4.1.1 နဲ့ 4.1.2 တွေအတွက်ပဲ ပြုလုပ်ရမယ့် လုပ်ဆောင်ချက် အဆင့်ဆင့်ဖြစ်ပါတယ်။ အခြားဗားရှင်းတွေနဲ့ လုပ်ဆောင်ချက်ခြင်း မတူညီပါဘူး။
(7)
New iPad ထဲက ဓာတ်ပုံတွေကို သိမ်းထားပေးတဲ့ Photos ဆိုတဲ့နေရာထဲမှာ ရုပ်ရှင်ဖိုင်တစ်ဖိုင် ရောက်နေပါတယ်။ အဲဒီဖိုင်က ဘယ်ကနေ ရောက်လာမှန်းလည်း မသိလိုက်ပါဘူး။ ဒါပေမဲ့ ဓာတ်ပုံဖိုင်ထဲကို ရောက်နေတဲ့ Movie ဖိုင်ကို ဖျက်ဖို့လုပ်တော့ ဖျက်လို့မရဘူး ဖြစ်နေပါတယ်။ ဖျက်မယ်လို့လုပ်လိုက်ရင် ဓာတ်ပုံတွေကိုပဲ ပေးဖျက်ပြီး ရှိနေတဲ့ရုပ်ရှင်ဖိုင်ကို ပေးမဖျက်ပါဘူး။ Share လုပ်ချင်ရင် လုပ်နိုင်တယ်လို့ပဲ ပေါ်ပါတယ်။ ဖျက်လို့ရနိုင်မယ့်စနစ် မပေါ်လာပါဘူး။ အဲဒါ ဘယ်လိုဖြစ်တာပါလဲ။ ဘာကြောင့်ဖြစ်တာပါလဲ သိပါရစေ။ ပြီးတော့ အဲဒီထဲကို ရောက်နေတဲ့ ရုပ်ရှင်ဖိုင်ကို ဖျက်ချင်တယ်ဆိုရင် ဘယ်လိုဖျက်ရမလဲဆိုတာလေးလည်း သိပါရစေ။
iPad တွေမှာ ဓာတ်ပုံတွေကို သိမ်းဆည်းပေးတဲ့ Photos ဖိုင်ထဲကို ပုံမှန်အတိုင်းဆိုရင် ရုပ်ရှင်ဖိုင်တွေ မရောက်လာတတ်ပါဘူး။ iPad ထဲမှာ အသုံးပြုနေရင်းကနေလည်း Movie ဖိုင်တွေကိုလည်း Photo ထဲကို Send လုပ်ဖို့မလွယ်ပါဘူး။ ဒီလိုဖြစ်တာကတော့ ကိုယ့်ရဲ့ iPad ကို ကွန်ပျူတာနဲ့ချိတ်ပြီး iTune အသုံးပြုတဲ့နေရာမှာ ရုပ်ရှင်ဖိုင်ကို ဓာတ်ပုံတွေ သိမ်းဆည်းထားပေးတဲ့ Photos ဖိုင်ထဲမှာ Synchronize လုပ်လိုက်မိလို့ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး Synchronize လုပ်မိလိုက်လို့ ဓာတ်ပုံဖိုင်ထဲကို ရောက်သွားတာပါ။ ဒီလိုမျိုးရောက်သွားရင် iPad ထဲကနေ Command ပေးပြီး ဖျက်လို့မရနိုင်ပါဘူး။ သူက Share လုပ်ဖို့အတွက်ပဲပေးပြီး ဖျက်ဖို့စနစ်ကို မပေးထားပါဘူး။ အဲဒီလို ရောက်လာတဲ့ ရုပ်ရှင်ဖိုင်က ကြည့်ချင်တယ်ဆိုရင်လည်း ကြည့်လို့ရပါတယ်။ ဒါပေမယ့် ကိုယ်အသုံးပြုချင်တဲ့ ကိုယ်ကြည့်ချင်တဲ့ Player စနစ်နဲ့တော့ ကြည့်လို့မရပါဘူး။ သူကပေးထားတဲ့ Default Player နဲ့ပဲ ကြည့်လို့ရပါတယ်။ ပြီးတော့ဒီလိုမျိုး Synchronize လုပ်လိုက်တဲ့နေရာမှာလည်း ကိုယ်ထည့်လိုက်မိတဲ့ ရုပ်ရှင်ဖိုင်က MP4 ဖိုင်ဖြစ်နေလို့ iPad က လက်ခံသွားတာပါ။ အခြား Movie Format တွေဆိုရင် လက်မခံပါဘူး။ Photo ထဲကို ရောက်နေတဲ့ ရုပ်ရှင်ဖိုင်ကို ဖျက်ချင်တယ်ဆိုရင်တော့ iPad ကိုကွန်ပျူတာမှာ iTune နဲ့ပြန်ချိတ်ပြီး Synchronize ပြန်လုပ်ပြီး ဖယ်ထုတ်ပစ်မှပဲ ရပါလိမ့်မယ်။ ဒါဆိုရင်တော့ ဓာတ်ပုံဖိုင်ထဲကို ရောက်နေတဲ့ ရုပ်ရှင်ဖိုင်ကို ဖယ်ထုတ်နိုင်ပါလိမ့်မယ်။
(8)
Samsung Galaxy SII ဖုန်းကို Android OS ပြောင်းလဲထည့်သွင်းကြည့်တာ မရဘူးဖြစ်နေပါတယ်။ ဖုန်းအတွက်လိုအပ်တဲ့ OS ဖိုင်ကိုလည်း Download လုပ်ထားပါတယ်။ Odin ဆော့ဖ်ဝဲကိုလည်း ထည့်ထားပါတယ်။ ဒါပေမဲ့ ကွန်ပျူတာနဲ့ချိတ်ပြီး Odin ဆော့ဖ်ဝဲကို ဖွင့်လိုက်ပေမယ့် Odin က ဖုန်းကိုချိတ်ထားတာကို မသိဘူးဖြစ်နေပါတယ်။ Odin ထဲမှာလည်း ဖုန်းရဲ့ ROM က မပေါ်ဘူးဖြစ်နေပါတယ်။ ROM ကိုနှိပ်ပြီးကြည့်တော့လည်း ကျွန်တော် Download ဆွဲထားတဲ့ Firmware ဖိုင်ကိုလည်း Odin ထဲမှာ မမြင်ရဘူးဖြစ်နေပါတယ်။ Firmware ဖိုင်ကတော့ ကွန်ပျူတာထဲမှာ ရှိနေပါတယ်။ ဒီတိုင်းကြည့်ရင် မြင်ရပြီး Odin ထဲကနေ Browse လုပ်ပြီးကြည့်ရင် မမြင်ရဘူးဖြစ်နေပါတယ်။ အဲဒါဘာကြောင့်ပါလဲ။
Samsung Galaxy SII ဖုန်းအတွက် Android OS ပြောင်းလဲထည့်သွင်းတဲ့နေရာမှာ လိုအပ်ချက်တွေကို ဖော်ပြပေးခဲ့ဖူးပါတယ်။ ကိုယ်ထည့်သွင်းမယ့် OS ROM ဖိုင်၊ Odin ဆော့ဖ်ဝဲတွေ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ ဒါတွေပြည့်စုံနေလျက်နဲ့ မရဘူးဆိုရင်တော့ ပြန်လည်ဆန်းစစ်ရပါမယ်။ ပထမဆုံးအနေနဲ့ ဖုန်းကို Download Mode ခေါ်ပြီး ကွန်ပျူတာမှာချိတ်ပါ။ ပြီးရင်တော့ Odin ဆော့ဖ်ဝဲကို ဖွင့်လိုက်ပါ။ ဒီနေရာမှာ Odin ထဲမှာ ဖုန်းချိတ်ထားတာကို မသိဘူးဖြစ်နေတယ်ဆိုရင်တော့ ဖုန်းရဲ့ USB စနစ်နေရာကို စစ်ဆေးရပါမယ်။ USB ကိုစစ်ဆေးတဲ့နေရာမှာ ကွန်ပျူတာမှာဖုန်းရဲ့ USB က Data D, Data E အစရှိသဖြင့် မပေါ်ဘဲနဲ့ i9100 ဆိုပြီးပဲ ပေါ်နေတယ်ဆိုရင်တော့ ဒါက Samsung Driver လိုအပ်နေတာဖြစ်ပါတယ်။ Driver run လိုက်ပြီး ပြန်ချိတ်ကြည့်လိုက်ရင် အဆင်ပြေနိုင်ပါလိမ့်မယ်။ Driver ထည့်သွင်းပြီး Odin နဲ့ပြန်ချိတ်ကြည့်တဲ့အခါမှာ ဖုန်းရဲ့ ROM ကိုမြင်ရပြီဆိုရင်တော့ ရပါပြီ။ ဒုတိယတစ်ခုဖြစ်တဲ့ ဖုန်းထဲကိုထည့်သွင်းမယ့် ကိုယ့်ရဲ့ Firmware ဖိုင်ကို မမြင်ရဘူးဆိုတာကလည်း Driver မရှိရင် ဖြစ်တတ်တဲ့ပြဿနာပါပဲ။ တစ်ခါတစ်ရံမှာတော့ ကိုယ်ဆွဲထားတဲ့ Firmware Download ဖိုင်ရဲ့ File Format ဟာ ကိုယ့်ရဲ့ကွန်ပျူတာကမသိတဲ့ Format မျိုးဖြစ်နေတယ်ဆိုရင်လည်း ဒီလိုမျိုး မမြင်ရတာမျိုး ဖြစ်တတ်ပါတယ်။ Firmware ဖိုင်ဟာ Zip ဖိုင်ဖြစ်နေတယ်ဆိုရင်လည်း တစ်ခါတစ်ရံမှာ မမြင်ရတတ်ပါဘူး။ Zip ဖိုင်ဆိုရင် ပြန်ဖြည်လိုက်ပါ။ ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်။
(9)
ကျွန်တော့်ဖုန်းက Huawei C8825D ဖုန်းပါ။ ဖုန်းကို ကိုယ်တိုင် Root လုပ်တာ မရဘူးဖြစ်နေပါတယ်။ ဖုန်းက Unlock လုပ်ပြီးမှ ရမယ်လို့ပြောပါတယ်။ ပြီးတော့ Code တောင်းနေပါတယ်။ အဲဒါက ဘယ် Code နံပါတ်ကို ရိုက်ထည့်ရမှာပါလဲ။ သိပါရစေ။ ဒါမှမဟုတ် ဒီဖုန်းတွေက Root လုပ်လို့ မရနိုင်တာပါလား။ ဆိုင်ကတော့ Root လုပ်ရင် ကြာမယ်လို့ပြောပါတယ်။
နောက်ပိုင်းမှာ အသစ်ထွက်လာတဲ့ Huawei ဟန်းဆက်တွေမှာ Root စနစ်ကို အရင်ကလိုမျိုး အလွယ်တကူ ပြုလုပ်လို့မရနိုင်ပါဘူး။ ဒါကလည်း Huawei ရဲ့ လုံခြုံရေးစနစ်တစ်ခုလို့ ဆိုရမှာပါပဲ။ C8825D မှာ Root လုပ်လို့ရနိုင်ပါတယ်။ Unlock ဖြစ်အောင် အရင်ဆုံးလုပ်ရမယ်ဆိုတာလည်း ဟုတ်ပါတယ်။ Code နံပါတ် လိုအပ်တယ်ဆိုတာလည်း ဟုတ်ပါတယ်။ ဖြည့်စွက်ဖို့လိုအပ်တဲ့ Code နံပါတ်ကိုတော့ ကိုယ်တိုင်လုပ်လို့ မရနိုင်ပါဘူး။ ဒါက Huawei ကနေပေးတဲ့ Code နံပါတ်ကို ဖြည့်စွက်ရမှာဖြစ်ပါတယ်။ ဒီဖုန်းတွေကို Root လုပ်ချင်တယ်ဆိုရင်တော့ Huawei ရဲ့ဝက်ဘ်ဆိုက်ကို ဖုန်းနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေ ပေးပို့ရပါလိမ့်မယ်။ ဖုန်းရဲ့ IMEI နံပါတ်၊ SN နံပါတ် အစရှိတဲ့နံပါတ်တွေကို ၀က်ဘ်ဆိုက်ပေါ်မှာတက်ပြီး ဖြည့်စွက်ပေးရပါမယ်။ ပြီးရင် ကိုယ့်ရဲ့မေးလ်လိပ်စာကို ဖြည့်စွက်ပြီး ပေးပို့ရပါမယ်။ ဒီလိုမျိုး ပို့ပေးလိုက်တော့မှ Huawei ကနေပြီး ကိုယ့်မေးလ်ထဲကို ဖုန်းအတွက်လိုအပ်တဲ့ Code နံပါတ်တွေကို ပြန်လည်ပေးပို့မှာဖြစ်ပါတယ်။ ဒီ Code နံပါတ်တွေကို ရတော့မှပဲ ဖုန်းအတွက် လိုအပ်တဲ့နေရာမှာ ဖြည့်စွက်ပြီး ပြုလုပ်ရမှာဖြစ်ပါတယ်။ Root လုပ်လို့မရတာ မဟုတ်ပါဘူး။ Root လုပ်ဖို့ အချိန်ကြာတာပါ။ ဒါကြောင့် ဆိုင်တွေမှာ သွားလုပ်တဲ့အခါ ဆိုင်တွေက အချိန်နည်းနည်းကြာမယ်လို့ပြောတာ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖုန်းရဲ့အချက်အလက်တွေကို ၀က်ဘ်ဆိုက်ပေါ်မှာဖြည့်စွက်ပြီး ပေးပို့ပြီးတဲ့အခါမှာ Huawei ကနေ မေးလ်ပြန်လာဖို့အတွက် အချိန်အတိုင်းအတာတစ်ခုထိ စောင့်ရပါတယ်။ တစ်ခါတစ်ရံမှာ နှစ်ရက်လောက်ပဲ စောင့်ဆိုင်းရပေမယ့် တစ်ခါတစ်ရံမှာဆိုရင် ၅ ရက် ၆ ရက်လောက်ထိ စောင့်ရတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် အချိန်ကြာနိုင်တယ်လို့ ပြောတာဖြစ်ပါတယ်။ အချို့ဆိုင်တွေဆိုရင်တော့ သူတို့လုပ်ပေးရမယ့်ဖုန်းအတွက် လိုအပ်တဲ့အချက်အလက်တွေကို ယူထားပြီး ရတော့မှ အကြောင်းကြားပေးတာမျိုးလည်း ရှိပါတယ်။
(10)
ကျွန်တော့်ဖုန်းက Samsung Galaxy Ace ပါ။ ဖုန်းထဲမှာအသုံးပြုဖို့အတွက် Android Pink Lock ဆိုတဲ့ဆော့ဖ်ဝဲလေးကို ထည့်လိုက်တာ ဆော့ဖ်ဝဲကို Install လုပ်ပြီး Open လုပ်လိုက်တာနဲ့ သူကတစ်ခါတည်း ဖုန်းကို Lock ချလိုက်ပါတယ်။ ဖုန်းကိုဆော့ဖ်ဝဲက Lock လုပ်လိုက်တာ ဘယ်လိုမှပြန်ဖွင့်လို့မရတော့ဘူး
ဖြစ်နေပါတယ်။ ဖုန်းကို ပါဝါပိတ်ပြီး ပြန်ဖွင့်တော့လည်း အဲဒီဆော့ဖ်ဝဲကပဲ ပေါ်နေပါတယ်။ ဖုန်းက ဖွင့်လို့မရတော့ပါဘူး။ ဖုန်းလာရင်တော့ စကားပြောလို့ရပါတယ်။ အဲဒါဘယ်လိုလုပ်ရပါမလဲ။

Samsung Galaxy Ace ဖုန်းက Lock ဆော့ဖ်ဝဲရဲ့ Error ကြောင့် Lock ကျနေတာပါ။ အဲဒါကဖုန်းပါဝါကိုပိတ်ပြီး ပြန်ဖွင့်တာတောင်မရဘူးဆိုရင်တော့ အဲဒီဆော့ဖ်ဝဲကိုရှာပြီး ပြန်ဖြုတ်ပစ်မှပဲ ရနိုင်ပါလိမ့်မယ်။ ဆော့ဖ်ဝဲကို ပြန်ရှာနိုင်ဖို့အတွက်တောင် ဖုန်းရဲ့ Setting ထဲကို ၀င်လို့မရနိုင်ဘူးဆိုရင်တော့ ဖုန်းတစ်ခုလုံးကို Factory Data Reset လုပ်ပစ်မှပဲ ရနိုင်ပါလိမ့်မယ်။ ဒါဆိုရင်တော့ ဖုန်းထဲမှာထည့်သွင်းထားတဲ့ အချက်အလက်တွေ ဆုံးရှုံးသွားနိုင်ပါတယ်။ Factory Data Reset လုပ်ချင်တယ်ဆိုရင်တော့ ဖုန်းရဲ့ Volume Up ခလုတ်နဲ့ Home Pattern ခလုတ်၊ ပါဝါခလုတ်သုံးခုကို တစ်ပြိုင်နက် ဖိနှိပ်ထားလိုက်ရပါမယ်။ ဒီလို ဖိနှိပ်လိုက်မယ်ဆိုရင်တော့ ဖုန်းရဲ့ Boot Setting ပေါ်လာမှာဖြစ်ပြီး အဲဒီထဲကမှ Data/Factory Reset ကိုနှိပ်လိုက်ရပါမယ်။ ဒါဆိုရင်တော့ ဖုန်းက Data တွေကို Reset လုပ်ပေးလိုက်မှာဖြစ်ပြီး ဖုန်းထဲမှာ ကိုယ်ထည့်သွင်းထားတဲ့ ဆော့ဖ်ဝဲတွေ Application တွေအားလုံး ပျက်သွားမှာပါ။ ဒါဆိုရင်တော့ Lock Error ဖြစ်နေတဲ့ ဆော့ဖ်ဝဲကိုလည်း တစ်ခါတည်း ဖြုတ်ပြီးသားဖြစ်သွားမှာဖြစ်ပြီး ဖုန်းက အသစ်ဝယ်တုန်းကအတိုင်းပဲ ပြန်ဖြစ်သွားမှာဖြစ်ပါတယ်။ ဖုန်းထဲမှာ အချက်အလက်တွေ ကျန်ရှိနေမှာမဟုတ်ပါဘူး။ Data Reset လုပ်ပြီးရင်တော့ ဖုန်းကို Reboot ပြန်လုပ်လိုက်ရင်ရပါပြီ။ နဂိုပုံမှန်အတိုင်း ဖုန်းရဲ့ပါဝါက ပြန်တက်လာမှာဖြစ်ပြီး အသုံးပြုလို့ရသွားပါလိမ့်မယ်။
(11)
ကျွန်တော့်ဖုန်းက Android OS ဖုန်းပါ။ ဖုန်းမှာ Message ပို့လိုက်ရင် ကိုယ်ကပို့ပြီးတာနဲ့ ကိုယ့်ဖုန်းထဲကို Delivery Report ဆိုပြီး Message ပြန်ပြန်ဝင်လာနေပါတယ်။ အဲဒါဘာကြောင့်ပါလဲ။
Android OS ဖုန်းတွေမှာ Delivery Report ဆိုတဲ့စနစ်ရှိပါတယ်။ ကိုယ်ကပို့လိုက်တဲ့ စာတစ်စောင် SMS တစ်စောင်ကို ပို့ပြီးပြီဆိုတာနဲ့ ပို့ပြီးကြောင်း ပြန်ပြန်ပြောတာဖြစ်ပါတယ်။ စာပြန်လာတာ မဟုတ်ပါဘူး။ Delivery Report ဆိုတာ ကိုယ်ကပို့လိုက်တဲ့ စာတစ်စောင်အတွက် ပို့ပေးလိုက်တဲ့စာကို Report ပြန်လာပေးတာဖြစ်ပါတယ်။ ဒါကိုပြောင်းချင်တယ်ဆိုရင်တော့ Message စနစ်ထဲကိုဝင်ပြီး Message ရဲ့ Setting ထဲကိုဝင်လိုက်ပါ။ အဲဒီထဲမှာ Delivery Report ဆိုတာရှိပါတယ်။ အဲဒီနေရမှာ ပေးထားတဲ့အမှတ်ကလေးကို ဖျက်လိုက်ပါ။ ဒါဆိုရင်တော့ Delivery Report စနစ်ကို အသုံးမပြုတော့ဘူးလို့ သတ်မှတ်ပေးလိုက်တာဖြစ်ပါတယ်။
(12)
ကျွန်တော့်ဖုန်းက Android OS ဖုန်းပါ။ Samsung Galaxy SII ဖုန်းကို ကိုင်ထားပါတယ်။ ဖုန်းကို Root လုပ်လိုက်တာ ဖုန်းက ဘာဖြစ်သွားတာလဲမသိပါဘူး။ ပါဝါတော့ပွင့်တယ် ဒါပေမယ့် Samsung ဆိုတဲ့ စာတန်းထိပဲပေါ်ပြီး ဆက်ပေါ်မလာတော့ပဲ အဲဒီနားမှာပဲ ဖုန်းကရပ်နေပါတယ်။ အဲဒါဘာဖြစ်တာပါလဲ။ ဘယ်လိုလုပ်ရပါမလဲ။
Android OS ဖုန်းတွေကို Root ပြုလုပ်တဲ့နေရာမှာ ခုလိုမျိုးအခက်အခဲမျိုးတွေ မကြာခဏဖြစ်တတ်ပါတယ်။ ဒါကလည်း လုပ်ဆောင်ချက်မှားယွင်းခြင်း၊ ဒါမှမဟုတ် ကိုယ်အသုံးပြုတဲ့ ဆော့ဖ်ဝဲစနစ်တွေ မှားယွင်းနေခြင်း၊ လုပ်ဆောင်နေစဉ်မှာ ပါဝါပြတ်တောက်ခြင်း အစရှိတဲ့အချက်တွေကြောင့် ဖြစ်တတ်ကြပါတယ်။ Galaxy SII ဖုန်းမှာ ပါဝါတက်မလာတော့ဘူးဆိုရင်တော့ ဒါက အနည်းငယ်အခက်အခဲ ရှိလာပါပြီ။ ဖုန်းရဲ့ Firmware တစ်ခုလုံးကို အစအဆုံး ပြန်တင်ရမယ့်အခြေအနေထိ ဖြစ်နိုင်ပါတယ်။ ပါဝါက Samsung စာတန်းထိပေါ်တယ်ဆိုရင်တော့ ဖုန်းမှာ Boot Setting တက်သေးလား ဒါမှမဟုတ်ရင်လည်း Download Mode ပေါ်သေးလားဆိုတာကို အရင်ဆုံးစစ်ဆေးလိုက်ပါ။ အဲဒါတွေ ပေါ်သေးတယ်ဆိုရင်တော့ ဖုန်းကို Firmware အသစ်ပြန်တင်လိုက်ရင် ဒီပြဿနာကို ဖြေရှင်းနိုင်ပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ ဖုန်းက Download Mode မပေါ်တော့ဘူးဆိုရင်တော့ ဒါက ပိုပြီးခက်ခဲတဲ့အဆင့်ကို ရောက်ရှိသွားနိုင်ပါတယ်။ ဖုန်းတစ်ခုလုံးကိုခွာပြီး OS အသစ်ပြန်ရေးနိုင်တဲ့အဆင့်ထိ ရောက်နိုင်အောင် ပြုလုပ်ရတဲ့အခြေအနေထိ ဖြစ်သွားတတ်ပါတယ်။ Firmware အသစ်ပြန်တင်တဲ့နေရာမှာတောင် ကိုယ့်ရဲ့ဖုန်းက Galaxy SII ဆိုရင် I9100 လား၊ 9100G လား၊ 9100T လားဆိုတာက လိုအပ်ပါသေးတယ်။ အဲဒီလိုမျိုး မော်ဒယ်နံပါတ်တွေပေါ်မှာ မူတည်ပြီး Firmware ကမတူညီပါဘူး။ Firmware မှားတင်မိရင်လည်း ဖုန်းက ပါဝါသေသွားနိုင်ပါတယ်။ ဒါကြောင့် ဒါက ဂရုစိုက်သင့်ပါတယ်။ ကျွမ်းကျင်တဲ့ဆားဗစ်ဆိုင်တွေမှာ ပြသပြီး ပြုလုပ်သင့်ပါတယ်။ ပါဝါလုံးဝသေသွားပြီဆိုရင်တော့ ပြန်ကောင်းနိုင်ဖို့ မကောင်းနိုင်ဖို့ကို ပြောနိုင်ဖို့ ခက်ခဲသွားနိုင်ပါတယ်။ ဒီလိုမျိုးဖြစ်တာကို ဈေးကွက်ထဲမှာတော့ Boot Dead ဖြစ်တယ်လို့ ခေါ်ကြပါတယ်။ ဒါက Boot လုပ်တာမှားယွင်းလို့ ဒါမှမဟုတ်ရင်လည်း Firmware တင်တာမှားယွင်းလို့ ဖြစ်တတ်ပါတယ်။
(13)
ကျွန်တော့်ဟန်းဆက်က ဘာဖြစ်တာလဲမသိပါဘူး။ ဖုန်းကပါဝါဖွင့်လိုက်ပြီး ဒီတိုင်းသုံးနေရင် အဆင်ပြေပါတယ်။ ဒါပေမယ့် ဖုန်းထဲကို ဖုန်းလိုင်းကတ်ထည့်လိုက်ပြီး ပါဝါဖွင့်လိုက်တာနဲ့ ဘာခလုတ်ကိုမှ နှိပ်လို့မရတော့ဘဲ Password ပဲတောင်းနေပါတယ်။ အဲဒါဘာဖြစ်တာပါလဲ။ ဖုန်းကတ်ကလည်း အခြားဖုန်းတွေနဲ့ ထည့်ပြီးပြောရင် အဆင်ပြေနေပါတယ်။
ဖုန်းက ရိုးရိုးပါဝါဖွင့်ပြီး ဒီတိုင်းသုံးတဲ့အချိန်မှာ အဆင်ပြေနေပြီး ဖုန်းလိုင်းကတ်ထည့်ပြီးပြောတဲ့အချိန်မှာ ဘာမှနှိပ်လို့မရတော့ဘဲ Password ပဲတောင်းနေတာကတော့ ဖုန်းမှာ Lock စနစ်တစ်ခုခုကို အသုံး ပြုထားတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်တဲ့အချိန်မှာ ဖုန်းကတ်ကလည်း အခြားဖုန်းတွေနဲ့ထည့်ပြီးပြောရင် အဆင်ပြေနေတယ်ဆိုရင်တော့ ဒါကလိုင်းကတ်က Lock ကျနေတာမဟုတ်ပါဘူး။ ဖုန်းရဲ့ OS မှာပါဝင်တဲ့ Network စနစ်က Lock ဖြစ်နေတာဖြစ်ပါတယ်။ ဒီလိုဖြစ်နေတယ်ဆိုရင်တော့ ဖုန်းကတ်ကိုထည့်ထားတဲ့အချိန်မှာ Password ကိုပဲ တောင်းနေမှာဖြစ်ပါတယ်။ Password သိမှပဲ အဆင်ပြေနိုင်မှာပါ။ Password မသိတော့ဘူးဆိုရင်တော့ အဲဒီဟန်းဆက်က OS တစ်ခုလုံး အသစ်ပြန်ပြီး ပြောင်းတင်လိုက်မှပဲ အဆင်ပြေနိုင်ပါလိမ့်မယ်။ ဖုန်းမှာ ဒီလိုဖြစ်နေတယ်ဆိုရင် ဖုန်းကို Reset လုပ်လို့လည်း မရနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ Reset လုပ်မယ်ဆိုရင်လည်း သူက Password ကို တောင်းနေအုံးမှာဖြစ်ပါတယ်။

ကျွန်တော့်ဖုန်းက Android OS ဖုန်းပါ။ ဖုန်းနဲ့အင်တာနက်အသုံးပြုတဲ့အချိန်မှာ အဆင်ပြေပါတယ်။ ဒါပေမယ့် ၀ါယာလက်စနစ်ပြန်လွှင့်ပြီး ကွန်ပျူတာကနေ အသုံးပြုတဲ့အချိန်မှာ Wireless Tether ဆော့ဖ်ဝဲကို အသုံးပြုမှပဲ အဆင်ပြေပြီး ဖုန်းထဲမှာပါဝင်တဲ့ Portable WiFi Hotspot ဆိုတဲ့စနစ်နဲ့အသုံးပြုရင် အဆင်မပြေဘူးဖြစ်နေပါတယ်။ အဲဒါဘာကြောင့်ပါလဲ။

ဒါကတော့ Android OS စနစ်သုံး ဖုန်းတော်တော်များများမှာ တွေ့ကြုံရတဲ့ အခက်အခဲတစ်ခုပါပဲ။ ဒါကတော့ ဖုန်းမှာထည့်သွင်းထားတဲ့ Android OS Version နဲ့လည်း သက်ဆိုင်ပါတယ်။ အချို့ဖုန်းတွေမှာ OS က 2.1, 2.2 တွေမှာဆိုရင် ဖုန်းရဲ့ Setting ထဲမှာပါဝင်တဲ့ Portable WiFi Hotspot ဆိုတဲ့စနစ်က ပါရုံပဲပါပြီး အသုံးပြုလို့မရတာမျိုးတွေရှိပါတယ်။ ဒါကြောင့်ဖြစ်တာပါ။

(14)
Huawei C8812 ဖုန်းတွေအတွက် Firmware Version Upgrade လုပ်ခွင့်ပေးနေတယ်ဆိုတာ ဟုတ်ပါသလား။ Version Upgrade လုပ်လိုက်ရင် ဘာတွေဖြစ်လာနိုင်ပါသလဲ။
Huawei C8812 ဖုန်းတွေအတွက် Version Upgrade လုပ်ခွင့်ပေးနေတယ်ဆိုတာဟုတ်ပါတယ်။ လုပ်လိုက်ရင် ဘာဖြစ်လာနိုင်မလဲဆိုတော့ ဘာမှတော့ ထွေထွေထူးထူးဖြစ်လာတာကို မတွေ့ရပါဘူး။ ဖုန်းအတွက် ပါဝါသေသွားတာတို့ ဘာတို့တော့မဖြစ်ပါဘူး။ အဆင်ပြေပါတယ်။ ဒါပေမဲ့ ဖုန်းရဲ့ Firmware Version ကတော့ ထွေထွေထူးထူးပြောင်းလဲသွားတာမျိုး မတွေ့ရပါဘူး။ သူလာတုန်းကအတိုင်းပဲ 4.0.3 နဲ့ပဲ ဆက်တွေ့ရပါတယ်။ ဒါပေမဲ့ဖုန်းရဲ့ Kernel Version ကတော့ ပြောင်းလဲသွားတာကို တွေ့ကြရမှာပါ။ Kernel Version ပြောင်းလဲသွားတဲ့အတွက် ဒီဖုန်းတွေမှာ မိုဘိုင်းအင်တာနက်စနစ် အသုံးပြုလို့ ရနိုင်တယ်မရနိုင်ဘူးဆိုတဲ့အချက်တော့ ရှိလာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Huawei C8812 တွေဟာ ဈေးကွက်ထဲကို စတင်ဝင်ရောက်လာစဉ်ကတည်းက Kernel Version ပေါ်မှာမူတည်ပြီး အင်တာနက်အသုံးပြုလို့ ရတယ်မရဘူးဆိုတဲ့ အခက်အခဲတွေ ရှိခဲ့တဲ့အတွက်ကြောင့်ပါပဲ။
(15)
ကျွန်တော့်ဖုန်းက Message ပို့လို့မရဘူးဖြစ်နေပါတယ်။ ပြီးတော့ Message Center နံပါတ် ထည့်ရမယ်လို့ပြောပါတယ်။ ဒါပေမဲ့ဖုန်းထဲမှာ Message Center နံပါတ်ဖြည့်ဖို့လိုက်ရှာတာ လုံးဝမတွေ့ပါဘူး။ အဲဒါ ဘယ်လိုလုပ်လို့ရနိုင်ပါသလဲ။
ဖုန်းမှာ Message ပို့လို့မရဘူးဆိုရင် Message Center နံပါတ်ဖြည့်စွက်ရတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ အချို့နောက်ပိုင်းမှာဝင်လာတဲ့ တရုတ်ဖုန်း Java တန်ဖိုးနည်းဖုန်းတွေမှာဆိုရင် အချို့ဖုန်းတွေမှာ Message Center နံပါတ်ကို ရှာလို့မရပါဘူး။ ဒါကဖုန်းက Function မပြည့်လို့ပါ။ ဒီလိုဖုန်းမျိုးတွေမှာဆိုရင်တော့ Message Center နံပါတ်ပြောင်းချင်တယ်ဆိုရင် မလွယ်ပါဘူး။ ဒါကို အဆင်အပြေဆုံးလုပ်နိုင်တာကတော့ ကိုယ့်ဖုန်းထဲက ဖုန်းကတ်ကိုထုတ်ပြီး အခြား Message Center နံပါတ်ဖြည့်စွက်နိုင်တဲ့ ဖုန်းတစ်လုံးထဲကိုထည့်ပြီး Message Center နံပါတ်ကိုဖြည့်စွက်လိုက်ရင် အဆင်ပြေနိုင်ပါတယ်။ Message Center နံပါတ်ဖြည့်စွက်လို့မရတဲ့ ဖုန်းတွေမှာဆိုရင် ဒီလိုနည်းနဲ့ လွယ်လွယ်ကူကူပြုလုပ်နိုင်ပါတယ်။ အချို့ဖုန်းတွေကတော့ Message Center နံပါတ်က ဖုန်းစနစ်တွေထဲမှာ ရှာလို့မရပဲ သတ်မှတ်ထားတဲ့ Code စနစ်တွေကို ရိုက်ထည့်မှပဲ တွေ့နိုင်တာမျိုးတွေလည်း ရှိပါတယ်။

ကျွန်တော့် Samsung ဖုန်းကို Firmware Version Upgrade လုပ်ပြီး Root လုပ်လိုက်တာ ဖုန်းက IMEI ပျောက်သွားပါတယ်။ အဲဒါဘာဖြစ်နိုင်ပါသလဲ။ ဖုန်းက ကျန်တာတွေအလုပ်လုပ်ပြီး ဖုန်းပြောလို့မရဘူးဖြစ်နေပါတယ်။ အဲဒါ ဘယ်လိုလုပ်ရင် ပြန်ရနိုင်ပါမလဲ။

ဖုန်းမှာ IMEI ပျောက်သွားပြီဆိုရင်တော့ ဖုန်းပြောလို့ရမှာမဟုတ်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဖုန်းတွေမှာ IMEI ဟာအရေးကြီးပါတယ်။ IMEI မရှိတော့ရင် ဖုန်းက Network ပျောက်သွားပြီး ဘာမှလုပ်လို့ရမှာ မဟုတ်တော့ပါဘူး။ ဒါပေမဲ့ ဒါကိုပြန်ကောင်းအောင်လုပ်နိုင်ဖို့ဆိုတာ နည်းနည်းတော့ခက်ခဲသွားပါပြီ။ ကျွမ်းကျင်တဲ့ ဆားဗစ်ဆိုင်တွေကိုသွားပြီး ပြုလုပ်မယ်ဆိုရင်တော့ IMEI ကို Clone ပြန် ရိုက်လို့ ရကောင်းရနိုင်လောက်ပါတယ်။ ဒါကတော့ ပျမ်းမျှအားဖြင့်ပါပဲ။ ကျွမ်းကျင်တဲ့ဆိုင်တွေမှာပြသပြီး ပြုလုပ်ကြည့်မယ်ဆိုရင်တော့ အဆင်ပြေကောင်းပြေနိုင်ပါလိမ့်မယ်။

(16)
အသစ်ဝင်လာတဲ့ Huawei C8812 ဖုန်းတွေမှာ အင်တာနက်မရဘူးဖြစ်နေပါတယ်။ ဆိုင်တွေကတော့ ရတယ်ဆိုပြီးရောင်းနေပါတယ်။ တစ်ချို့ဖုန်းတွေမှာရပြီး တစ်ချို့ဖုန်းတွေမှာ မရဘူးဖြစ်နေပါတယ်။ အဲဒါဘာကြောင့်ပါလဲ။ ဘယ်လိုလုပ်ရပါမလဲ
ဟုတ်ပါတယ်။ အသစ်ဝင်လာတဲ့ Huawei C8812 ဖုန်းတွေမှာ အင်တာနက်ရတဲ့ဖုန်းနဲ့ မရတဲ့ဖုန်းဆိုပြီး ကွဲပြားနေတယ်ဆိုတာ ဟုတ်ပါတယ်။ အချို့ဆိုင်တွေကတော့ အင်တာနက်ရတာနဲ့ မရတာကိုပြောပြီး ခွဲခြားပြီးရောင်းပါတယ်။ ဒီဖုန်းတွေမှာ အင်တာနက်မရတဲ့ဖုန်းတွေကို အင်တာနက်ရအောင် ခုချိန်ထိလုပ်ပေးတာမျိုး မတွေ့ရသေးပါဘူး။ ဒါပေမဲ့ အသုံးပြုသူတွေအနေနဲ့ ၀ယ်ယူမယ်ဆိုရင်တော့ ယေဘုယျအားဖြင့် စစ်ဆေးနိုင်တဲ့ အချက်တစ်ခုတော့ရှိပါတယ်။ ဒါကတော့ ဖုန်းရဲ့ ဆော့ဖ်ဝဲဗားရှင်းကိုကြည့်တဲ့နေရာမှာပဲ Kernel Version မှာ perf-00022 ဆိုတဲ့ဖုန်းတွေက အင်တာနက်ရပြီး 00019 ဆိုတဲ့ဖုန်းတွေမှာတော့ အင်တာနက်မရတာကိုတွေ့ရပါတယ်။
(17)
ကျွန်တော့်ဖုန်းက Android OS ဖုန်းပါ။ အရင်တုန်းကသုံးနေတာက Sony Ericsson ရိုးရိုး Java ဖုန်းပါ။ အရင်တုန်းက ဖုန်းက Message ပို့လို့ရပါတယ်။ အ၀င်ရောအထွက်ရောရပါတယ်။ ခု Android OS ဖုန်းကိုပြောင်းလိုက်တော့မှပဲ Message ကအ၀င်ပဲရပြီး အထွက်မရတော့ဘူးဖြစ်နေပါတယ်။ အဲဒါဘာကြောင့်ပါလဲ။ ဘယ်လိုလုပ်ရပါမလဲ။
အရင်တုန်းကဖုန်းက Message ပို့လို့ရပြီး ခုကျမှမရတော့ဘူးဆိုတာမျိုးတော့ မရှိပါဘူး။ Android OS ဖုန်းကြောင့် Message မရတော့တာလည်း မဟုတ်ပါဘူး။ ဒါက Message Center နံပါတ်ကို ဖုန်းကမသိလို့ပါ။ အချို့ဖုန်းတွေမှာက ဖုန်းထဲကိုထည့်လိုက်တဲ့ Sim Card တွေထဲမှာပါတဲ့ Message Center နံပါတ်တွေကို Default သိတာမျိုးရှိသလို အချို့ဖုန်းတွေမှာဆိုရင်လည်း ကိုယ်တိုင်ဝင်ပြီး ပြုပြင်ပေးရတာမျိုးတွေရှိပါတယ်။ Message Center နံပါတ်လွဲနေရင်တော့ Message အထွက်ရမှာမဟုတ်ပါဘူး။ ဖုန်းထဲမှာသွားပြီး Message Center နံပါတ်ကို ဖြည့်စွက်လိုက်ရင်ရပါတယ်။ Android OS ဖုန်းဆိုရင်တော့ Message စနစ်ထဲကိုဝင်လိုက်ပါ။ ပြီးရင်တော့ဖုန်းရဲ့အောက်ဖက်က Menu ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် Setting ကိုတွေ့ရပါလိမ့်မယ်။ အဲဒါက Message စနစ်အတွက်အသုံးပြုနိုင်မယ့် Setting စနစ်ပါ။ ဒီထဲမှာ Message Center Name, Center Neame အစရှိသဖြင့် မြင်တွေ့ရပါလိမ့်မယ်။ အဲဒီထဲကိုဝင်လိုက်ပြီး ကိုယ်အသုံးပြုရမယ့် Message Center နံပါတ်ကိုရိုက်ထည့်ပြီး အသုံးပြုနိုင်ပါတယ်။
(18)
ဖုန်းမှာစကားပြောရင် အသံကနှစ်သံနှစ်သံကြားနေရပါတယ်။ ပြီးတော့ကိုယ့်အသံကိုလည်း ကိုယ်ပြန်ပြီးကြားနေရပါတယ်။ အဲဒါဟန်းဆက်ကြောင့်ဖြစ်တာပါလား။ ဘာကြောင့်လဲဆိုတာသိပါရစေ။
မိုဘိုင်းဖုန်းတွေ စကားပြောတဲ့အခါမှာ အသံတွေကိုတစ်ခါတစ်ရံမှာ နှစ်ခါပြန်ကြားရတတ်တယ်ဆိုတာ ဟုတ်ပါတယ်။ တစ်ခါတစ်လေမှာ ကိုယ့်အသံကိုကိုယ် ပြန်ကြားရတတ်ပါတယ်။ အဲဒါကဟန်းဆက်ကြောင့် မဟုတ်ပါဘူး။ လိုင်းဆက်သွယ်မှုမှာ ဖုန်းကနေထွက်သွားတဲ့အသံလှိုင်းက မိုဘိုင်းတာဝါတွေကနေ လွှင့်ထုတ်ပေးတာဖြစ်ပြီး တဘက်ကပြန်ပြောတဲ့စကားတွေကိုလည်း ပြန်လည်ထုတ်လွှင့်ပေးပါတယ်။ ဒီလိုမျိုး အသွားအပြန်ထုတ်လွှင့်ပေးမှုတွေကြားထဲမှာ ကိုယ်စကားပြောလိုက်တဲ့အသံက ကိုယ့်ဆီကိုပြန်ဝင်လာတဲ့ လှိုင်းနဲ့အတူတွဲပြီး ပြန်ပါလာတဲ့အတွက် ကိုယ့်အသံကိုကိုယ် ပြန်ကြားနေရတာဖြစ်ပါတယ်။ ဒါက လှိုင်းပူးနေတဲ့အခြေအနေတစ်ခုမှာ ဖြစ်တတ်တဲ့ သဘောတရားတစ်ခုလောက်ပါပဲ။
(19)
ကျွန်တော့် iPhone မှာ ဓါတ်ပုံတွေကိုထည့်ပြီးကြည့်တာ ကြည့်လို့မရဘူးဖြစ်နေပါတယ်။ အဲဒီလို ပြန်ကြည့်လို့မရဘူးဖြစ်နေတဲ့အတွက် အချို့သူငယ်ချင်းတွေက ဖုန်းကိုပါဝါ Restart ချလိုက်လို့ပြောပါတယ်။ အဲဒါကြောင့်ဖုန်းကို Restart လုပ်လိုက်တာ ဖုန်းကပါဝါပြန်တက်မလာတော့ပါဘူး။ အဲဒါဘယ်လိုလုပ်ရပါမလဲ။ ဘာဖြစ်သွားတာပါလဲ။
iPhone တွေမှာ ဖုန်းကို ပါဝါ Restart လုပ်လို့ဖြစ်ပေါ်လာတတ်တဲ့ ပြဿနာတွေနဲ့ အခက်အခဲတွေရှိပါတယ်။ ဒါပေမယ့်ဒီလိုဖြစ်လာတယ်ဆိုတာ တော်ရုံနဲ့တော့မဟုတ်ပါဘူး။ iPhone တွေမှာပါဝါကို Restart ချလိုက်ရင် ပါဝါပျောက်သွားတတ်တာလားဆိုတော့လည်း မဟုတ်ပါဘူး။ ဓါတ်ပုံတွေကိုထည့်လိုက်တဲ့အခါမှာ တစ်ခါတည်းတန်းပြီးတော့ ကြည့်လို့ရပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာလည်း ပုံတွေကိုတန်းပြီး ကြည့်လို့မရဖြစ်နေတတ်တာမျိုး ရှိပါတယ်။ ဒီလိုအချိန်မျိုးတွေမှာဆိုရင် ဖုန်းကို ပါဝါ Restart လုပ်ရတယ်ဆိုတာလည်း ဟုတ်ပါတယ်။ ဒါပေမယ့် iPhone တွေကို ပါဝါ Restart ပြုလုပ်မယ်ဆိုရင် သတိပြုရမယ့်အချက်ရှိပါတယ်။ အဲဒါကတော့ ကိုယ်အသုံးပြုတဲ့ဖုန်းက Jailbreak ပြုလုပ်ထားတယ် မလုပ်ထားဘူးဆိုတာကို သိထားသင့်ပါတယ်။ အချို့ iPhone ဗားရှင်းတွေမှာဆိုရင် ဖုန်းကို Jailbreak ပြုလုပ်ထားတဲ့အခါမျိုးတွေမှာ ဖုန်းက ပါဝါပိတ်လို့မရတဲ့ တားမြစ်ချက်မျိုးရှိပါတယ်။ ပါဝါပိတ်လိုက်ရင် ဖုန်းကပါဝါပြန်တက်မလာတော့ပဲနဲ့ တစ်ခါတည်း Lock ဖြစ်သွားတာမျိုးရှိပါတယ်။ အဲဒီလိုအချိန်မျိုးတွေမှာဆိုရင်တော့ ဖုန်းကိုပြန်ပြီးတော့ Jailbreak စလုပ်တုန်းကအတိုင်းပဲ အစအဆုံးပြန်လုပ်ရပါတယ်။ ဒါမှ ပါဝါပြန်တက်လာတတ်ပါတယ်။ Restart လုပ်လို့ ပါဝါပြန်မတတ်တော့ဘူးဆိုတာကတော့ ဖုန်းက Jailbreak လုပ်ထားလို့ဖြစ်နိုင်ပါတယ်။ နဂိုအတိုင်းပုံမှန်ဆိုရင်တော့ ဖုန်းကပါဝါပိတ်လည်း ပြန်တတ်ပါတယ်။ ဘာမှမဖြစ်ပါဘူး။ Network Setting ချိန်တဲ့အခါမျိုးတွေနဲ့ လက်ရှိအင်တာနက်စနစ်အတွက် Access Point ၀င်ဖြည့်စွက်တဲ့အခါမျိုးတွေမှာလည်း လိုအပ်ရင် Restart ချရတာမျိုးရှိပါတယ်။ ဒါပေမယ့် Jail-break လုပ်ထားလို့ ပါဝါပိတ်လို့မရတဲ့ ဖုန်းတွေမှာဆိုရင်တော့ Restart လုပ်ဖို့အတွက် အခက်အခဲရှိပါတယ်။
(20)
Android OS ဖုန်းတွေကို Root ပြုလုပ်တဲ့နေရာမှာ ဘယ်လိုဖုန်းအမျိုးအစားကိုမဆို ပြုလုပ်လို့ရနိုင်ပါသလား။ သိပါရစေ။
Android OS ဖုန်းတွေကို Root ပြုလုပ်မယ်ဆိုရင် သတိပြုရမယ့်အရာတွေကတော့ အများကြီးရှိနေပါတယ်။ Android OS စနစ်သုံးဖုန်းတိုင်းကို Root ပြုလုပ်လို့ရနိုင်ပါသလားဆိုရင်တော့ မရဘူးလို့ဘဲ ယေဘုယျအားဖြင့် ပြောရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင်တော့ Android OS ဖုန်းတွေမှာလည်း အခက်အခဲတွေရှိပါတယ်။ အချို့ဖုန်းတွေက Root ကို အလွယ်တကူပြုလုပ်လို့ရပေမယ့် အချို့ဖုန်းတွေမှာ အလွယ်တကူပြုလုပ်လို့မရဘဲ ပါဝါသေသွားတာတို့ Firmware ပြန်မတက်တော့တာတို့ ဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်တဲ့ ဖုန်းတွေမှာဆိုရင်လည်း အချို့အရာတွေက ပြန်လည်ပြုပြင်လို့ ရသွားတာတွေရှိသလို ပြန်လည်ပြုပြင်လို့မရတော့ပဲ ဆုံးရှုံးသွားတာမျိုးတွေလည်း ရှိပါတယ်။ Android OS ဖုန်းတွေမှာတော့ ဖုန်းကိုထုတ်လုပ်တဲ့ အခြေအနေ၊ ဖုန်းထဲမှာထည့်သွင်းအသုံးပြုထားတဲ့ CPU, Processor အစရှိတဲ့ Hardware ပိုင်းဆိုင်ရာတွေကိုလိုက်ပြီးတော့လည်း အမျိုးအစားတူ မော်ဒယ်တူဖုန်းတွေမှာတော့ အချို့ဖုန်းတွေက အလွယ်တကူပြုလုပ်လို့ အဆင်ပြေပြီး အချို့ဖုန်းတွေမှာဆိုရင် အလွယ်တကူ ပြုလုပ်လို့မရတာမျိုးတွေရှိပါတယ်။
(21)
ကျွန်တော့်ဖုန်းက Android OS ဖုန်းပါ။ Message တွေဖတ်တဲ့နေရာမှာ စာလုံးတွေကသေးနေပါတယ်။ အဲဒါကို ကြီးအောင်လုပ်လို့ရတယ်လို့ပြောပါတယ်။ အဲဒါဘယ်လိုလုပ်ရပါသလဲ။
Android OS ဖုန်းဆိုပေမယ့် ဘယ်လိုဖုန်းအမျိုးအစားဆိုတာကို သိဖို့လိုအပ်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခုနဲ့တစ်ခုက ဖွဲ့စည်းပုံချင်း မတူညီတဲ့အတွက်ကြောင့်ပါ။ ပျမ်းမျှအားဖြင့်ဆိုရင်တော့ Message တွေအတွက်ဆိုရင်တော့ Message Setting ထဲမှာပဲ ရှိတတ်ပါတယ်။ ပထမဆုံးအနေနဲ့ Message စနစ်ထဲကိုဝင်လိုက်ပါ။ Message စနစ်ထဲကို ရောက်ပြီဆိုရင်တော့ ဖုန်းရဲ့အောက်ဖက်က Menu ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ အဲဒီထဲမှာ Setting ဆိုတာကို တွေ့ရပါလိမ့်မယ်။ ဒါက Message စနစ်အတွက် Setting ပါ။ Message Setting ထဲမှာ Message Font Size ဆိုတာရှိပါတယ်။ အဲဒီထဲမှာ ကိုယ်လိုချင်တဲ့ ဖောင့်အရွယ်အစားကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ဒီနေရာမှာတော့ ချွင်းချက်ရှိပါတယ်။ အဲဒါကတော့ ခုဖော်ပြခဲ့တဲ့ Message Font Size ဆိုတဲ့စနစ်ဟာ ဖုန်းတိုင်းမှာ ပါဝင်နေတာမဟုတ်ပါဘူး။ အချို့ဖုန်းတွေမှာဆိုရင်တော့ ဒီစနစ်ကို တွေ့ရမှာမဟုတ်ပါဘူး။ Default Fonts Size ကိုပဲ အသုံးပြုရမှာပါ။
(22)
Q - ကျွန်တော့်ဖုန်းမှာ Network နေရာကလိုင်းပျောက်နေပြီးတော့ တိုင်ပုံလုံးဝမပေါ်တော့ပါဘူး။ ပြီးတော့ ဖုန်းခေါ်လိုက်တဲ့အချိန်တိုင်းမှာ Network Lock ဆိုတဲ့စာတန်း ပေါ်ပေါ်လာနေပါတယ်။ အဲဒါဘာဖြစ်တာပါလဲ။ ဘယ်လိုလုပ်ရပါမလဲ။


A - ဖုန်းရဲ့ Network နေရာမှာ ဘာမှမပေါ်တော့ပဲလိုင်းပျောက်နေပြီး တိုင်ပုံစံမပေါ်တော့ဘူးဆိုရင် လိုင်းပျောက်နေတာဖြစ်နိုင်တယ်လို့ ဆိုရမှာဖြစ်ပေမယ့် ဖုန်းခေါ်တဲ့အချိန်တိုင်းမှာ Network Lock လို့ ပေါ်နေတဲ့စာကတော့ ဒါက Lock ကျနေတယ်ဆိုတဲ့ သင်္ကေတပါပဲ။ Connection Lock လို့လည်း တစ်ခါတစ်ရံမှာပေါ်တတ်ပါတယ်။ အဲဒါကတော့ ဖုန်းထဲမှာထည့်သွင်းထားတဲ့ လိုင်းကတ် (Sim Card) က Lock ကျနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲဖြစ်ပါတယ်။ ဒါကတော့ ဖုန်းထဲမှာ Pim Lock ဆိုတဲ့နေရာမှာသွားပြီး ပက်စ်ဝက်ဘ်ပေးလိုက်မိလို့ ဖြစ်ရတဲ့ပြဿနာပဲဖြစ်ပါတယ်။ ဒါကတော့ ကိုယ်ပေးလိုက်တဲ့ ပက်စ်ဝက်ဘ်ကိုမှတ်မိမှပဲ ပြန်ပြီးတော့ Network Lock ကိုဖြုတ်ပစ်လို့ရနိုင်မှာပါ။ ပက်စ်ဝက်ဘ်ကိုသိတယ်ဆိုရင်တော့ ဖုန်းရဲ့ Setting ထဲက PIM Lock ဆိုတဲ့နေရာကိုပြန်သွားပြီး ကိုယ်ပေးခဲ့မိတဲ့ ပက်စ်ဝက်ဘ်ကို ပြန်ဖွင့်မှပဲ ရနိုင်ပါလိမ့်မယ်။ မသိတော့ဘူးဆိုရင်တော့ ပြန်ဖွင့်လို့မရနိုင်တော့ပါဘူး။ ဒါဆိုရင်တော့ သက်ဆိုင်ရာမြန်မာ့ဆက်သွယ်ရေးရုံးကိုပြန်သွားပြီး ကတ်ကို Lock ပြန်ဖြည်မှပဲ ရနိုင်မှာဖြစ်ပါတယ်။ ဖုန်းတွေမှာ PIM Lock ဆိုတာကို ဂရုစိုက်သင့်ပါတယ်။

Q - Android OS ဖုန်းမှာ ဖုန်းထဲကအချက်အလက်တွေကို ရှင်းလင်းဖို့အတွက် Data Resect လုပ်လိုက်တာ ဖုန်းက Firmware တော့ပြန်တက်လာပါတယ်။ ဒါပေမဲ့ Android Logo ပုံလေးမှာပဲရပ်နေပြီး ရပ်နေပါတယ်။ ဘယ်လိုလုပ်ရပါမလဲ။

A - Android OS ဖုန်းမှာ ဖုန်းကို Data Resect လုပ်ပြီး ပါဝါပြန်တတ်တဲ့အချိန်မှာ Android Logo ပုံလေးပေါ်နေပြီဆိုရင် ဒါက Firmware ပြန်တတ်တဲ့သဘောပါပဲ။ အောက်မှာနှိပ်စရာ ဘာမှမပေးထား ဘူးဆိုရင်တော့ အဲဒီ Android Logo လေးကိုပဲနှိပ်လိုက်ပါ။ ပြီးရင်တော့ လုပ်ဆောင်ရမယ့်ဟာတွေ တစ်ဆင့်ချင်းစီပေါ်လာပါလိမ့်မယ်။ ဘာမှမဖြစ်ပါဘူး။ သူ့ဟာသူ ပြန်တက်လာပါလိမ့်မယ်။ တချို့ဖုန်းတွေမှာတော့ Logo ကိုနှိပ်ပြီး Language ပြန်ပြောင်းတာတို့၊ ဘာတို့လုပ်ရပေမယ့် အချို့ဖုန်းတွေမှာလည်း ဘာမှမလုပ်ရပါဘူး။ တစ်ခါတည်းတန်းတက်လာတတ်ပါတယ်။
(23)

Q - Android OS ဖုန်းထဲမှာ အင်တာနက်စနစ်အသုံးပြုဖို့အတွက် Access point ကို ဖုန်းထဲမှာပါတဲ့ဟာကိုပြုပြင်ပြီး အသုံးမပြုချင်ဘူးဆိုရင် အသစ်ကိုယ့်ဟာကိုယ်လုပ်ချင်ရင် လုပ်လို့ရပါသလား။ ဘယ်လိုလုပ်ရပါသလဲ။


A - Android OS ဖုန်းတွေမှာ အင်တာနက်စနစ်အတွက် အသုံးပြုတဲ့ Access point ဆိုတဲ့နေရာမှာ ဖြည့်စွက်ချက်တွေ ထည့်သွင်းကြရပါတယ်။ ဒီလိုဖြည့်စွက်ဖို့အတွက် ဖုန်းထဲမှာ Access point Original Default တွေပါဝင်တတ်ပါတယ်။ တချို့ဖုန်းတွေမှာလည်း မပါဝင်တတ်ပါဘူး။ ပါဝင်တဲ့ဖုန်းတွေမှာဆိုရင်တော့ Original Default Access point တွေကို ပြုပြင်ပြောင်းလဲဖြည့်စွက်ပြီး အသုံးပြုလို့ရနိုင်ပါတယ်။ နဂိုပါဝင်တဲ့ဟာတွေကို အသုံးမပြုချင်လို့ အသစ်လုပ်ချင်တယ်ဆိုရင်လည်း ရပါတယ်။ အသစ်ပြုလုပ်ချင်တယ်ဆိုရင်တော့ ဖုန်းရဲ့ Setting ထဲက Wireless Network ထဲကိုသွားပါ။ အဲဒီထဲကမှ Mobile Network ထဲမှာ Accesspoint ဆိုတာရှိပါတယ်။ အဲဒီလိုမှမဟုတ်ရင်တော့ APN ဆိုတာရှိပါတယ်။ Access Point ထဲကိုဝင်လိုက်ပါ။ ဒီထဲမှာတော့ နဂိုပါတယ်ဆိုရင် ပါဝင်တဲ့ APN တွေကို တွေ့ရမှာဖြစ်ပြီး မပါဘူးဆိုရင်တော့ ဘာမှရှိနေမှာမဟုတ်ပါဘူး။ အသစ်ပြုလုပ်ချင်တယ်ဆိုရင်တော့ အောက်ဘက်က Menu ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ New APN ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ New APN ကိုနှိပ်လိုက်ရင် Access Point Name အသစ်ပြုလုပ်ဖို့ ပေါ်လာမှာဖြစ်ပါတယ်။ Default မပါဝင်ဘူးဆိုရင်လည်း ဒီလိုပုံစံမျိုးနဲ့ပဲ အသစ်ကိုယ်တိုင်ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။

Q - ရန်ကုန်က CDMA 800 MHz ဖုန်းကို မန္တလေးကိုသယ်သွားတာ ဖုန်းခေါ်လို့မရဘူးဖြစ်နေပါတယ်။ အဲဒါဘာကြောင့်ပါလဲ။

A - ဒါကတော့ Network အကူးအပြောင်းကြောင့် ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ ရန်ကုန်ကဖုန်းတွေက မန္တလေးကွန်ရက်ထဲကို တစ်ခါမှမရောက်ဘူးသေးဘူးဆိုရင်တော့ မန္တလေးက CDMA 800 MHz ဖုန်းတစ်ခုထဲကို ကိုယ့်ရဲ့ဖုန်းကတ်ကိုခဏထည့်ပြီး အထွက်တစ်ခါခေါ်ကြည့်လိုက်ပါ။ ကိုယ့်ဟန်းဆက်ထဲကိုလည်း မန္တလေးကကတ်ကို ခဏထည့်ပြီး အထွက်တစ်ခါခေါ်ကြည့်လိုက်ပါ။ ဒါဆိုရင် ကိုယ့်ဖုန်းကို သုံးလို့ရသွားတယ်လို့ အသုံးပြုနေတဲ့သူတွေကပြောကြပါတယ်။
(24)

Q - ကျွန်တော့်ဖုန်းထဲကို Memory Card ထည့်တာ အဆင်မပြေဘူးဖြစ်နေပါတယ်။ ဖုန်းက 16GB ထိ ထပ်ထည့်နိုင်တယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ 16GB ကတ်တစ်ကတ်ကို ထပ်ထည့်ပေမယ့် အဆင်မပြေဘူး၊ ဖုန်းကမသိဘူးဖြစ်နေပါတယ်။ အဲဒါဘာကြောင့်ပါလဲ။


A - ဖုန်းတွေထဲမှာ ထည့်သွင်းအသုံးပြုနိုင်တဲ့ ဖုန်းတွင်းမှတ်ဥာဏ်စနစ်တွေက ကန့်သတ်ထားတာရှိပါတယ်။ တချို့ဖုန်းတွေမှာဆိုရင် ဖုန်းတွင်းမှတ်ဥာဏ်စနစ်ကို Micro SD Up To 32GB လို့ရေးထားပြီး တချို့မှာလည်း Up To 16GB လို့ပါပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ တကယ်တမ်းအသုံးပြုတဲ့အခါမှာ သတ်မှတ် Memory ထိအသုံးပြုလို့ မရတတ်တာမျိုးတွေရှိပါတယ်။ နောက်ပိုင်းမှာထွက်လာခဲ့တဲ့ နည်းပညာမြင့်ဖုန်းတွေမှာတော့ သတ်မှတ်ထားတဲ့ထိထည့်ပြီး အသုံးပြုလို့ရတာမျိုးတွေလည်း ရှိပါတယ်။ ဖုန်းတွေမှာ 16GB ထိ ထပ်တိုးအသုံးပြုနိုင်တယ်ဆိုပေမယ့် တစ်ခါတစ်ရံမှာ 8GB လောက်ထိပဲ လက်ခံတတ်တာမျိုးတွေလည်း ရှိပါတယ်။ အဲဒီလိုဖြစ်ရတာကတော့ ဖုန်းရဲ့ ဖုန်းတွင်းမှတ်ဥာဏ်ကနည်းနေတဲ့အတွက် နောက်ထပ်ထပ်တိုးတဲ့ Memory Card ကို မသိတော့တာမျိုး၊ မဖတ်နိုင်တော့တာမျိုးတွေကြောင့် ဖြစ်တတ်ပါတယ်။ 16GB ထိသတ်မှတ်ထားတယ်ဆိုရင် အဲဒီထပ်လျှော့ပြီး ထည့်ကြည့်လိုက်ပါ။ အဲဒါမှမရဘူးဆိုရင်တော့ ဖုန်းရဲ့ Memory Card Slot ကို စစ်ဆေးသင့်ပါတယ်။

Q - Android OS ဖုန်းမှာ ဖုန်းထဲမှာရှိနေတဲ့ Contact တစ်ခုလုံးကို Memory Card ထဲကိုရွှေ့ပြောင်းပြီး Backup လုပ်ချင်ရင် ဘယ်လိုလုပ်ရပါမလဲ။

A - Android OS ဖုန်းမှာ ဖုန်းထဲက Contact တစ်ခုလုံးကို Memory Card ထဲကိုပြောင်းရွှေ့ပြီး Backup လုပ်ချင်တယ်ဆိုရင်တော့ ပထမဆုံးဖုန်းရဲ့ Contact ထဲကိုဝင်လိုက်ပါ။ ပြီးရင်တော့ အောက်ဘက် မှာရှိနေတဲ့ Menu ကိုနှိပ်လိုက်ပါ။ အဲဒီထဲမှာ Manage Contact ဆိုတာကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ အသုံးပြုနိုင်မယ့် Box တစ်ခုပေါ်လာပါလိမ့်မယ်။ အဲဒီထဲမှာ Memory Card ထဲကို Backup လုပ်မလား၊ Sim Card ထဲကဟာတွေကိုယူမလား၊ Restore လုပ်မလားဆိုတာတွေကို တွေ့ရမှာပါ။ အဲဒီထဲမှာ ကိုယ်အသုံးပြုချင်တယ်ဆိုတဲ့စနစ်ကို နှိပ်ပြီးအသုံးပြုနိုင်မှာဖြစ်ပါတယ်။
Ref: (Internet Journal)www.myanmarinternetjournal.com

သူငယ်ချင်းအားလုံးဗဟုသုတတွေတိုးပွါးပါစေနော်
လေးစားလျက် ချစ်ဦးမောင်(ရန်ကုန်)

0 comments:

Post a Comment