Wednesday, January 30, 2013

ခေါင်းတွေ အရမ်းကိုက်နေတယ်


ခေါင်းတွေ အရမ်းကိုက်နေတယ်

ကြီးကြီးငယ်ငယ် ခေါင်းမကိုက်ဖူးတဲ့လူဆိုလို့ မရှိသလောက်ပါပဲ ။ အလုပ်ဖိစီးမှုတွေ ဖျားနာမှုတွေရာသီဥတုတွေပြောင်း လဲမှုတွေ ကြောင့်ဖြစ်စေ ရောဂါတစ်ခုခုကြောင့်ဖြစ်စေ ခေါင်းကိုက်ခြင်းကိုခံစားရလေ့ရှိပါတယ် ။ ခေါင်းကိုက်ခြင်း Headache ကို ဆေးပညာအရတော့ Cephalalgia လို့ခေါ်ပါတယ် ။ဦးနှောက် က ၀န်းရံထားတဲ့ နာကျင်မှု အာရုံခံ အစိတ်အပိုင်းတွေ ကိုလှုံ့ဆော်မှုကြောင့် Pain ဆိုပြီးဖြစ်လာရတယ် ဦးခေါင်းပိုင်းရဲ့ နေရာကိုးခုနှင့်တကွ လည်ပည်းမှာ နာကျင်မှုကို သိနိုင်တဲ့အာရုံခံအစိတ်အပိုင်းတွေပါရှိကြပါတယ် ။ ခေါင်းကိုက်တယ်ဆိုတာ သိပ်ထားခြားမှုမရှိတဲ့လက္ခဏာတစ်ခုဖြစ်ပေမယ့် သူ့ကိုဖြစ်စေတဲ့အကြောင်းအရင်းတွေကတော့ အများကြီးရှိ ပါတယ် ။ ခေါင်းကိုက်ခြင်းကို ကုသတဲ့အခါမှာလည်း အဲဒီခေါင်းကိုက်ခြင်းကိုဖြစ်စေ တဲ့အချက်တွေကို ရအောင်ဖော် ထုတ်ပြီး ကုသမှသာပျောက်ကင်းနိုင်ပါတယ် ။ ဒါပေမယ့်အများစုကတော့ အကိုက်အခဲပျောက်ဆေးတွေ ကို ပစ်ပယ်ထားလို့မရသေးပါဘူး ။

ဘာကြောင့်ဖြစ်ရသလဲ

ခေါင်းကိုက်ခြင်းအမျိုးအစားပေါင်းက ၂၀၀ ကျော်လောက်ရှိပါတယ် ။ အန္တရာယ်မရှိတဲ့ခေါင်းကိုက်ခြင်းကနေ အသက်အန္တရယ်ပေးနိုင်တဲ့ခေါင်းကိုက်ခြင်းအထိကို အမျိုးအစားအများကြီးခွဲခြားထားပါတယ် ။ ဘယ်လိုဘယ်ပုံစံခေါင်းကိုက်တယ်ဆိုတဲ့အချက်ရယ် ဦးနှောက်နဲ့ ဦးခေါင်းပိုင်းဆိုင်ရာ စစ်ဆေးမှုအဖြေတွေရယ်အပေါ်မူတည်ပြီး ဘယ်လို စစ်ဆေးမှုတွေထပ်လုပ်ရမယ် ဆိုတာနဲ့ သင့်တော်တဲ့ ကုသမှုဘယ်လိုပေးမလဲဆိုတာ ကိုဆုံးဖြတ်ရပါတယ် ။ Primary headache လို့ခေါ်တဲ့ ကနဦးခေါင်းကိုက်ခြင်းမှာဆိုရင် စိတ်ဖိစီးမှုကြောင့်ဖြစ်တတ်တဲ့ Tension-type headache နဲ့မိုက်ဂရိမ်းဆိုတဲ့ခေါင်းတစ်ခြမ်းကိုက်ခြင်းတွေပါဝင်တယ် ။ ဒါ့အပြင်တခြားရှားပါးတဲ့ Trigeminal neuralgia ( မျက်နှာပြင် နာကျင်ကိုက်ခဲမှု ) ၊ Cluster headache ၊ hemicrania contiua ( ခေါင်းတစ်ခြမ်းထဲဆက်တိုက်ကိုက်နေမှု ) စတာတွေလည်းရှိကြပါတယ် ။ Secondry headaches ကတော့ ဦးခေါင်းနဲ့လည်ပင်း မှာရှိတဲ့ပြဿနာတွေကြောင့်ဖြစ်ပေါ်လာရခြင်းဖြစ်တယ် ။ အချို့က အန္တရာယ်မရှိဘူး ဥပမာ လည်ပင်းကြွက်သားတွေ ကြောင့်ဖြစ်လာတဲ့နာကျင်မှု Cervicogenic headache လိုမျိုးပေါ့ ။ ခေါင်းကိုက်လို့အကိုက်အခဲပျောက်ဆေးအများကြီးသောက်နေရတဲ့လူတွေမှာတော့ Medication overuse headache ဆိုပြီး ခေါင်းကိုက်ခြင်းဖြစ်လာနိုင်သလို တခါတရံမှာ ခေါင်းကိုက်ခြင်းကို ပိုမိုဆိုးရွားသွားစေနိုင်တာမျိုးလည်းရှိပါတယ် ။

ဦးခေါင်းကို မိုးကြိုးပစ်ချသလို တဒုန်းဒုန်းကိုက်နေတဲ့ခေါင်းကိုက်ခြင်းမျိုးကိုတော့ thundarclap headache လို့ခေါ်ပါတယ် ။ အခုဆက်လက်ဖော်ပြပေးမယ့်အကြောင်းကတော့ မိုက်ဂရိမ်းဆိုတဲ့ ခေါင်းတစ်ခြမ်းကိုက်ရောဂါအကြောင်းအသေးစိတ်ပဲဖြစ်ပါတယ် ။

Migraine ဆိုတဲ့ခေါင်းတစ်ခြမ်းကိုက်တဲ့ ရောဂါ

မိုက်ဂရိမ်း ဆိုတာ ဘာလဲ ...?

မိုက်ဂရိမ်းဆိုတာ ဦးခေါင်းထဲမှာ အထူးသဖြင့် တစ်ဖက်တည်း ( unilateral ) မှာ အရမ်းပြင်းထန်တဲ့ နှလုံးခုန်သံလိုမျိုး (သို့မဟုတ်) ဦးခေါင်းထဲသို့ အလွန်ပြင်းထန်တဲ့ တုန်ခါမှုမျိုး ဖြစ်ပေါ်နေခြင်း တဒိတ်ဒိတ်၊ တဆစ်ဆစ် ကိုက်နေခြင်းကို ဆိုလိုပါတယ် ။ ဘာတွေနဲ့တွဲပြီး ဖြစ်တတ်သလည်းဆိုတော့ ပျို့ခြင်း ၊ အန်ခြင်း ၊ အလင်းစူးစူးကို မခံနိုင်ခြင်း ၊အသံ အနံ့ စူးစူးတွေကို မခံမရပ်နိုင်ဖြစ်ခြင်း တို့နဲ့ တွဲလာတတ်ပါတယ် ။ ဒီခေါင်းကိုက်တာဟာ ခဏ ခဏ ဖြစ်ပေါ်လေ့ရှိပြီး မိုက်ဂရိမ်းခံစားရလေ့ရှိတဲ့ အသက်အရွယ်တွေမှာတော့ သိပ်ပြင်းထန်လေ့ မရှိပါဘူး ။

အမျိုး အစားများ....။

မိုက်ဂရိမ်းကို သူတို့ ဖြစ်ပေါ်စေတဲ့ လက္ခဏာများအရ အမျိုးအစားများခွဲခြားနိုင်ပါတယ် ။ ထင်ရှားတဲ့ ၂ မျိုးကတော့ Migraine with aura နဲ့ Migraine without aura တို့ပဲဖြစ်ပါတယ် ။ အခြားသိပ်မထင်ရှားတဲ့ အမျိုးအစားတွေကတော့ Abdominal migraine , Basilar artery migranie , Carotidynia , Headache - free migraine ( aura withoutmigraine ) , Opthalmoplegic migraine / Ocular migraine နဲ့ Status migrainousus တို့ပဲဖြစ်ကြပါတယ် ။အချို့သော မိန်းမတွေမှာ ရာသီလာနေစဉ် သို့မဟုတ် လာခါနီး အချိန်မှာ ဒီမိုက်ဂရိမ်း ရောဂါကို ခံစားကြရလေ့ရှိပါတယ် ။ ဒီလိုမျိုးခေါင်းကိုက်ခြင်းကို ရာသီမိုက်ဂရိမ်း (menstrual migraines ) လို့ခေါ်ပါတယ် ။ ဒါဟာ ဘာနဲ့ဆက်နွယ်နေသလည်းဆိုတော့ ဟော်မုန်းပြောင်းလဲမှုတွေ နဲ့ တခါတရံ (သို့မဟုတ်) ကိုယ်ဝန်ဆောင်ချိန် မှာ တော့ ဖြစ်ပေါ်တာ နည်းလေ့ရှိပါတယ် ။ တချို့မိန်းမတွေမှာတော့ ပထမအကြိမ်ကိုယ်ဝန်ဆောင်ခြင်း နဲ့ သွေးဆုံးပြီးချိန်တွေမှာ မိုက်ဂရိမ်းကို ခံစားရလေ့ရှိပါတယ် ။

Migraine with aura ဆိုတာဘာလဲ .....?

ဆိုလိုတာကတော့ ဦးနှောက်ပိုင်းဆိုင်ရာ သဘာဝဖြစ်စဉ်များ ( neurological phenomenon ) aura က ခေါင်းမကိုက်ခင် ၁၀ မိနစ် (သို့မဟုတ်) နာရီဝက်အလိုမှာ စတင်ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ် ။ Auras အများစုဟာ အမြင်အာရုံနဲ့သက်ဆိုင်ပြီး အရာဝထ္ထုတွေ ပတ်လည်မှာ တောက်ပပြီးတံလျှပ်ကဲ့သို့ စူးရှတဲ့ အလင်းရောင်တွေ ခံစားရလေ့ရှိတယ် ။အမြင်အာရုံ မြင်ကွင်းရဲ့ အစွန်းတွေမှာ အဲဒီလိုမျိုးတွေ့ရလေ့ရှိပြီး အဲဒါကို Scintillating scotomas လို့ခေါ်ပါတယ် ။ ကွေ့ကွေ့ကောက်ကောက်လိုင်းတွေ Zigzag lines နဲ့မဖြစ်နိုင်သည်များကို စိတ်ကူးယဉ်ခြင်း Castles ( teichopsia) နဲ့ တွန့်လိမ်နေတဲ့ပုံရိပ်တွေကို တွေ့ရလေ့ရှိခြင်း ထင်ယောင်ထင်မှားဖြစ်ခြင်း hallucinations တွေနဲ့ တွဲလာလေ့ရှိပါတယ် ။ ဒါ့အပြင် ယာယီအလင်း ပျောက်ကွယ်ခြင်း temporary vision loss လည်းဖြစ်နိုင်ပါသေးတယ် ။ အမြင်အာရုံနဲ့မသက်ဆိုင်တဲ့ Nonvisual auras ကတော့ ကြွက်သားအားနည်းခြင်း ၊ စကားပြော အသံထွက် ဘာသာစကားမပီသခြင်း ၊ ခေါင်းမူးခြင်း ၊ အထိုင်အထတွင် မိုက်ခနဲမူးခြင်း ၊ မျက်နှာပေါ် လျှာပေါ် နှင့် ခြေချောင်းလက်ချောင်းများတွင် ထုံခြင်းကျင်ခြင်း parasthesia တို့နဲ့ တွဲလာနိုင်ပါတယ် ။

Aura ဆိုတာတကယ်တော့ ကိုယ့်ဆီကို မိုက်ဂရိမ်းက မတိုက်ခိုက်ခင် ကြိုတင်သတိပေးတဲ့ အာရုံခံစားမှု sensation တစ်ခုဖြစ်ပါတယ် ။ Aura ကိုခံစားရတဲ့ လူတွေဟာ လေဖြတ်ဖို့ အခွင့်အလမ်းပိုများပါတယ် ။ သိပ်ဖြစ်လေ့မရှိပါဘူး ဆို၍ ပေါ့ဆ၍ မနေသင့်ပေ ။ ငယ်ရွယ်တဲ့မိန်းမတွေမှာတောင် မိုက်ဂရိမ်းဟာ ဖြစ်နိုင်တဲ့အတွက်ကြောင့်ပါ ။ ကိုယ်ဝန်တားဆေး (OC pills လက်ညှိုးထိုးကဒ်) တွေနဲ့ ဆေးလိပ် သောက်ခြင်းဟာ လေဖြတ်ခြင်းကို မိုက်ဂရိမ်းမရှိတဲ့လူတွေထက် ၇ ဆ ပိုဖြစ်နိုင်တယ်ဆိုတာ သိကို သိထားရပါမယ် ။

ဒါကြောင့် သင့်မှာ migraines with aura ရှိပြီဆိုလျှင် ..................

ဆေးလိပ်ကို အတတ်နိုင်ဆုံး မြန်မြန်ဖြတ်ပါ ။
ကိုယ်ဝန်တားဆေး (OC pill ) တွေမသုံးပါနှင့်။ အကယ်၍ သုံးရမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ပြီး ဆေးမသောက်ခင် လေဖြတ်နိုင်မည့် အခွင့်အလမ်းကို တိုင်ပင်ဆွေးနွေးပါ ။

သောက်သုံးရမည့်ဆေးများမှာတော့ အများစုမှာ Ibuprofen ကဲ့သို့ အကိုက်အခဲပျောက်ဆေးများ ဖြစ်ပြီး ဆရာဝန်နှင့်ပြသပါ ။ သင့်ရဲ့ ရောဂါ လက္ခာနှင့် ရာဇ၀င် history ပေါ်မူတည်ပြီး ဆေးတွေက ကွဲပြားသွားမှာ ဖြစ်ပါတယ် ။ ယေဘူးယျအားဖြင့် ရတ်သတ္တပါတ်မှ လထိတိုင်အောင် စွဲသောက်ရလေ့ရှိပါတယ် ။

ဘယ်လိုကာကွယ်မလည်း........?

မိုက်ဂရိမ်းကို ကာကွယ်ဖို့ကတော့ Beta Blockers ကဲ့သို့ ဆေးတွေ ဥပမာ propranolol , timolol , metoprolol , nadolol တွေရှိပါတယ် ။ ဒီဆေးတွေက သင့်ဦးခေါင်းထဲမှသွေးလွှတ်ကြောတွေ ကျယ်ခြင်းကို Beta receptors တွေကို ပိတ်ပေးခြင်းအားဖြင့် ကာကွယ်နိုင်မှာဖြစ်ပါတယ် ။ ဒါ့အပြင် သူတို့ဟာ သွေးခဲစေသောအရာ platelets တွေကိုစုစည်းခြင်းမှ ကာကွယ်ပေးပြီ သွေးတွေကို လွတ်လပ်စွာ စီးဆင်းစေမှာ ဖြစ်ပါတယ် ။ Platelets ဆိုတာကတော့ သွေးခဲအောင်လုပ်ပေးတဲ့ အရာတွေပေါ့ ။ ဒါပေမယ့် Beta blockers တွေဟာ ပန်းနာရင်ကြပ်နဲ့ လုံးဝ မတည့်ပါဘူး ။ အကောင်းဆုံးကတော့ ဆရာဝန်နှင့် စနစ်တကျ ကုသမှုခံယူခြင်း ပဲဖြစ်ပါတယ် ။

သက်တန့်ချို

0 comments:

Post a Comment