Thursday, January 5, 2012

သင့်အတွက် ကောင်းစွာ အိပ်စက်နိုင်မည့် အကြံကောင်းများ

    

 " အိပ်ရေး၀၀ အိပ်ချင်လိုက်တာ.. အိပ်လို့လည်း မပျော်နိုင်ဘူး.. ဘယ်လို လုပ်ရမလဲ "
  Yell  Yell  Yell  Yell
   စိတ်မပူပါနဲ့.. အမေးရှိရင် အဖြေလည်း ရှိပါတယ်။ အိပ်ပျော်ဖို့အတွက်ဆောင် ရန်ရှောင်ရန်လေးတွေပါပဲ..

  
  • ဆူညံမှုများနဲ့ တောက်ပတဲ့ အလင်းများကို အနည်းဆုံးလျှော့ချပါ။ မိမိရဲ့အိပ်ချိန်လေးအတွင်းမှာ အလင်းစူးစူးများ မဖွင့်ပါနဲ့။ ရသမျှအိပ်ချိန်လေးမှာ ညအိပ်မီးကိုသာ သုံးပါ။
  • မအိပ်မီနှစ်နာရီအတွင်း အစာအစားခြင်း ကိုရှောင်ပါ။ ဗိုက်ဆာပါက နို့တစ်ဖန်ခွက်နှင့် ဘီစကွတ် အနည်းငယ်ကို စားနိုင်ပါတယ်။ နို့တစ်ဖန်ခွက်က သင့်ကိုအိပ်ပျော်အောင် ကူညီပေးပါလိမ့်မယ်။ အိပ်ခါနီးအချိန်မှာ အသားဓာတ် (ဥပမာ-အသား၊ ငါး) စားသုံးခြင်းကိုရှောင်ပါ။ ဒီအချက်လေးကြောင့် အစားကြီးတဲ့ သူတွေတော့ စိတ်ညစ်မှာပဲနော်။ ဒါပေမယ့် ဒီအချက်လေးကို အမြဲလိုက်နာရင် ကောင်းကောင်း အိပ်ပျော်နိုင်ပြီး အိပ်ရာဝင်ခါနီး အစားစားလို့ အစာမကြေတာတွေ ၀ိတ်တက်တာတွေ အတွက်လည်း ပူစရာမလိုတော့ဘူးပေါ့။
  • မနက်ခင်းနှင့် နေ့ဘက်တွင် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်း ကိုလုပ်ခြင်းဖြင့် စိတ်ဖီစီးမှုကိုလျှော့ချ နိုင်ပါတယ်။ သို့သော် မအိပ်မီ ၃နာရီအတွင်း အပြင်းအထန် ကိုယ်လက် လှုပ်ရှားမှုကို ရှောင်ကြဉ်ပါ။ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်းက သင့်ကို နှစ်ခြိုက်စွာ အိပ်ပျော်စေ ပါလိမ့်မယ်။ ဒီ့ပြင် ကျန်းမာပြီး သွယ်လျလာစေမှာ ဖြစ်လို့ မှန်မှန် လုပ်သင့်တယ်နော်။
  • ညစဉ် ပုံမှန်အိပ်ချိန်မှာ အိပ်ရာဝင်ပါ။ မွန်းလွဲပိုင်းမှာ တရေးတမော အိပ်စက်ခြင်းကို ရှောင်ကြဉ်ပါ။ လိုအပ်ပါက သင်နိုးလာပြီး ၈နာရီ ကြာမှသာလျှင် ၁၀-၁၅ မိနစ် ခဏတာသာအိပ်ပါ။ 
  • စိတ်တည်ငြိမ်မှု ရစေရန် မအိပ်မီ ၁နာရီအတွင်း အလုပ်လုပ်ခြင်း၊ စိတ်လှုပ်ရှားဖွယ် စာအုပ်ဖတ်ခြင်း၊ တီဗီကြည့်ခြင်း၊ ဂိမ်းကစားခြင်း  စသည်တို့ကိုရှောင်ကြဉ်ပါ။
  • သင်၏အိပ်ချိန်မှာ သင့်ကိုစိတ်ပူပန်စေတဲ့၊ စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အရာများကို မတွေးပါနဲ့။  အိပ်ချိန်မှာ မိမိရဲ့ခံစားချက် များကို ဆွေးနွေးခြင်းမပြုပါနဲ့။
  • သင့်အိပ်ရာဝန်းကျင်မှာ အိမ်မွေးတိရစ္ဆာန်များ မရှိပါစေနဲ့။ သင့်အတွက် ဓာတ်မတည့်မှု (သို့) ၄င်းတို့၏ လှုပ်ရှားမှုများက သင့်ကို နိုးစေနိုင်သောကြောင့်ဖြစ်ပါတယ်။ 
  • နီကိုတင်းဓာတ်က သင့်၏ အိပ်စက်မှုကိုနှောင့်ယှက်နိုင်သောကြောင့် အိပ်ချိန်မှာဆေးလိပ်သောက် ခြင်းကိုရှောင်ပါ။ ကဖင်းဓာတ်က သင်၏အိပ်စက်ခြင်းကို အဟန့်အတားဖြစ်စေလို့ ကော်ဖီ၊ ကိုလာ၊ လက်ဘက်ရည် ၊ချောကလက် စသည်တို့ကို မအိပ်မီ ၆ နာရီအတွင်း စားသုံးခြင်းကို ရှောင်ပါ။
  • အရက်သောက်သုံးခြင်းက သင့်ကိုမြန်မြန် အိပ်ပျော်စေရန် ကူညီပေးပါတယ်။ ဒါပေမယ့် သင်အိပ်နေစဉ် ခန္ဓာကိုယ်မှ အရက်ကို ချေဖျက် စွန့်ထုတ်တဲ့ လုပ်ငန်းစဉ်ကို လုပ်ဆောင်နေရလို့ အရက်ဖြတ်စဉ် ခံစားရတဲ့ လက္ခဏာများဖြစ်တဲ့ လန့်နိုးခြင်း၊ အိပ်မက်ဆိုးများ မြင်မက်ခြင်း စသည်တို့ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာဝင်ခါနီးမှာ အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ။
  • သင့်အိပ်ရာနေရာဟာ ကောင်းစွာတိတ်ဆိတ်မှောင်မိုက်ပြီး သက်တောင့်သက်သာရှိပါစေ။
  • အိပ်ရာဝင်တဲ့အခါ ပက်လက်လေးအိပ်၊ ဗိုက်ပေါ်လက်တင်၊ စိတ်လျှော့ပြီး ၀င်လေထွက်လေကိုပဲ သေချာအာရုံစိုက်ပါ။
  • အိပ်မပျော်တဲ့ရက်များ ရှည်ကြာလာရင်တော့ သင့်ကျန်းမာရေးကို ထိခိုက်နိုင်လို့ သင့်ကို ကောင်းစွာအိပ်ပျော်နိုင်စေရန် ကူညီပေးမည့်ဆေးဝါး (သို့) သင့်တော်သော နည်းလမ်းများကို ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ဆွေးနွေးပြီး ကုသမှုခံယူဖို့လိုပါတယ်။

လူတိုင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပြီး အိပ်မက်လှလှ မက်ကြပါစေနော်...

0 comments:

Post a Comment