Tuesday, February 5, 2013

တရားအားထုတ်ခြင်းကောင်းကျိုးများနှင့် ရှားရှားပါးပါးသဘောင်္သား ရဟန္တာ

         သီလက္ခန် အဌကထာ ( ၁၇၁ - ၁၇၂ ) တွင် ၀ိပသာနာတရားကို ကြိုးကြိုးစားစား အားထုတ်ကြသော သူများသည် ........
         ၁။ ပထမအရွယ်၌လည်း တရားထူး ရနိုင်သည်။
         ၂။ ပထမအရွယ်၌ မရသေးလျှင် ဒုတိယအရွယ်၌ တရားထူး ရနိုင်သည်။
         ၃။ ဒုတိယအရွယ်၌ မရသေးလျှင် သေခါနီးအခါ၌ တရားထူး ရနိုင်သည်။
         ၄။ သေသည်အထိ တရားထူး ရမသွားလျှင် နတ်ပြည်ရောက်က တရားထူး ရနိုင်သည်။
         ၅။ နတ်ပြည်ရောက်၍မှ တရားထူး မရဘဲ ဘုရားမပွင့်သောအခါ၌ လူဖြစ်ခဲ့လျှင် သစ္စာလေးပါးကို ကိုယ်တိုင် ထိုးထွင်း၍ သိမြင်သော ပစ္စေကဗုဒ္ဓခေါ် ဘုရားငယ် ဖြစ်ရသည်။
         ၆။ ပစ္စေက ဗုဒ္ဓ မဖြစ်ခဲ့လျှင် ပွင့်တော်မူသော ဘုရားရှင် တစ်ဆူဆူတို့၏ မျက်မှောက်ခေတ်တွင် ဗာဟိယဒါရုစိယ ရဟန္တာအရှင်သူမြတ်ကဲ့သို့ လျှင်မြန်စွာ အရဟတ္တဖိုလ်ကိုရသော ခိပ္ပဘိညာ ရဟန္တာဖြစ်ရသည်ဟု ဖွင့်ပြထားသည်။
         ဤနေရာ၌ တရားအားထုတ်ခြင်း၏ ကောင်းကျိုးကို ပိုမို၍ သိနိုင်ရန် ဗာဟိယဒါရုစိယ မထေရ်၏ဖြစ်စဉ်ကို အကျဉ်းမျှ ရေးသားတင်ပြပါဦးမည်။
         ကသာမ ဘုရားရှင်၏ သာသနာတော်နောက်ပိုင်းတွင် အကျင့် ပဋိပတ်များ ဆုတ်ယုတ်လျော့ပါးခြင်းကို တွေ့ရသဖြင့် ဓမ္မသံဝေဂ ဖြစ်ကြရသော ရဟန်းတော် ခုနစ်ပါးတို့သည် တောထွက်၍ တောင်ထွဋ်ကြီး တစ်ခုပေါ်သို့ တက်ရောက်ကာ လှေကားကိုဖြုတ်ချပြီး မအိပ်မနေ တရားအားထုတ်တော်မူကြပါသည်။ မဂ်ဥာဏ် ဖိုဥာဏ်ရဖို့အရေးကို အသက်နှင့်ရင်း၍ တရားအားထုတ်တော်မူကြခြင်း ဖြစ်သည်။
         တစ်ရက်လွန်မြောက်သောအခါ အကြီးဆုံးမထေရ်ကြီးက ဈာန်အဘိဥာဏ်နှင့် တကွ အရဟတ္တဖိုလ်ကို ရတော်မူလေသည်။ နှစ်ရက်မြောက်နေ့တွင် ဒုတိယအကြီးဆုံး မထေရ်က အနာဂါမ် ဖြစ်တော်မူသည်။ နှစ်ဦးစလုံးတို့က မြောက်ကျွန်းသို့ ဆွမ်းခံကာ ကျွေးမွေးကြပါသော်လည်း ကျန်ကိုယ်တော်များက .........
         " အရှင်ဘုရားတို့ ........ အရှင်ဘုရားတို့ အာနုဘော်တော်ကြောင့် ဤကဲ့သို့ ပြုတော်မူနိုင်တာ တပည့်တော်တို့ ၀မ်းသာပါတယ်။ တပည့်တော်တို့လည်းပဲ အရှင်မြတ်တို့လို မဂ်ဖိုလ် ဈာန်အဘိဥာဏ် ရမှ ကိုယ့်ဆွမ်းကိုယ်ခံစားပါရစေ "ဟု လျှောက်ထားကာ ပယ်မြစ်တော်မူကြသည်။
         ခုနစ်ရက်မြောက်တွင်ကား ကျန်ကိုယ်တော်ငါးပါးစလုံး တရားအားထုတ်ရင်း ပျံလွန်တော်မူကြသဖြင့် နတ်ပြည်သို့ ရောက်ကြရသည်။ ယခုပွင့်တော်မူသော ဂေါတမမြတ်စွာဘုရား၏ သာသနာတွင်းတွင် နတ်ပြည်မှ စုတေ၍ လူလာဖြစ်ကြရာ
         တစ်ဦးက ကသ္မိယပရိဗိုဇ် သွားဖြစ်သည်။
         တစ်ဦးက အရှင်ကုမာရကသာပ ဖြစ်လာသည်။
         တစ်ဦးက မလ္လမင်း၏ သားခုနစ်သားနှင့် ရဟန္တာဖြစ်သည့် အရှင်ဒဗ္ဗမလ္လပုတ္တ ဖြစ်လာသည်။
         တစ်ဦးက ဗာဟိယတိုင်းတွင် မွေးဖွားသော ဗာဟိယဒါရုစိယ မထေရ်လောင်း ဖြစ်လာသည်။
         ဗာဟိယဒါရုစိယ မထေရ်လောင်းသည် အရွယ်ရောက်သောအခါ အိမ်ထောင်ကျ၍ ရွက်လှေဖြင့်ပင်လယ်ကို ဖြတ်ကူးရသော ကုန်ရောင်းကုန်ဝယ်အလုပ် လုပ်ရာမှ တစ်ကြိမ်တွင် ရွက်လှေမှောက်ကာ ပင်လယ်ထဲတွင် ပျဉ်ချပ်တစ်ခုဖြင့် ခုနစ်ရက်တိတိ မျောပြီးမှ အိန္ဒိယအနောက်ပိုင်း သုပ္ပာရက သဘောင်္ဆိပ်သို့ ရောက်သွားလေသည်။
         ပစ္ဆိမဘ၀ိကသားဖြစ်၍ ရရှိမည့် အရဟတ္တဖိုလ်၏ ဂုဏ်သတ္တိကြောင့် အသက်မသေရခြင်း ဖြစ်သည်။ ဆိပ်ကမ်းအရောက်တွင် မောမောနှင့် နာရီအတော်ကြာ အိပ်ပျော်ပြီးမှ နိုးလာသောအခါတွင်မှ ခန္ဓာကိုယ်တွင် အ၀တ်တစ်ထည်မျှ မကပ်သည်ကို သိရှိတော့သည်။ သို့ဖြင့် အနီးအနားမှ မုရိုးပင်များကို လက်သည်းဖြင့် အမျှင်ကလေးများပြုလုပ်ပြီး သီကာ ကိုယ်အင်္ဂါအရှက်လုံရုံမျှ ဖုံးလွှမ်းဝတ်ဆင်ရလေသည်။
         ပြီးလျှင် နတ်စင်တစ်ခုနားမှ ခွက်ကလေးတစ်ခွက်ကို ကောက်ယူပြီး သုပ္ပာရက ရွာထဲသို့ ဆာဆာနှင့်မို့ မရှက်နိုင်တော့ဘဲ ထမင်းလိုက်တောင်းလေတော့သည်။ ဗာဟိယဒါရုစိယကို တွေ့မြင်ကြသော သုပ္ပာရက ရွာသူ ရွာသားများသည် ပညာဥာဏ်နည်းပြီး သဒ္ဓါကဲမှု့ကြောင့် ရဟန္တာဟု ယူဆကာ ၀ိုင်းဝန်းကိုးကွယ်ကြပါတော့သည်။ ဤနေရာတွင် သုပ္ပာရက ရွာသူရွာသားများ အကိုးအကွယ်မှားကြခြင်းမှာ အကြောင်းနှစ်ချက် ရှိသည်။
         ပထမအချက်မှာ - သီလ ၊ သမာဓိ ၊ ပညာ ဟူသော ဓမ္မကို မကြည်ညိုဘဲ ခေါင်းပါးစွာ ၀တ်ဆင်မှု့ကိုသာ ကြည်ညိုမိခြင်းနှင့်
         ဒုတိယအချက်မှာ - ဝေဖန်ပိုင်းခြားနိုင်သော ပညာအားနည်းပြီး ကြည်ညိုလေးစားသော သဒ္ဓါက များလွန်းနေခြင်းတို့ပင် ဖြစ်သည်။
         ဗာဟိယဒါရုစိယသည် ထိုကဲ့သို့ သုပ္ပာရက ရွာသူရွာသားများက ရဟန္တာကြီးအဖြစ် ဂုဏ်တင်ကာ ချီးမွန်းပြောဆို ကိုးကွယ်လာကြသောအခါ နွေ ၊ မိုး ၊ ဆောင်း သုံးရာသီလုံး မုရိုးမျှင်လေးနှင့်သာ နေသော မှားယွင်းသည့် အတ္ထကိလမထ ကျင့်စဉ်ကိုပင် အဟုတ်ထင်မှတ်ကာ .........
          " လောကရှိ ရဟန္တာတို့တွင် ငါလည်း တစ်ပါးအပါအ၀င် ဖြစ်လေပြီ " ဟု နှစ်နှစ်ကာကာ ယုံကြည်မိရှာလေတော့သည်။
         ထို့ကဲ့သို့ မိမိကိုယ်ကို ရဟန္တာဟု ထင်မှတ်နေသော ဗာဟိယဒါရုစိယကို ရဟန်းဘ၀က တရားအားထုတ်ဖက် မျတ်ဆွေဟောင်း ဗြဟ္မာကြီးက ရဟန္တာမဟုတ်ကြောင်း သတိပေးပြီး ဘုရားရှိရာသို့သွားရန် ညွှန်ကြားလိုက်လေသည်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် သာဝတ္ထိမြို့ထဲ ဆွမ်းခံကြွစဉ်မှာပင် လမ်းခုလတ် တရားဟောတော်မူရာ တရားအဆုံးမှာပင် ခိပ္ပဘိညာရဟန္တာ ဖြစ်တော်မူပါသည်။
         ရဟန္တာဖြစ်၍ ရဟန်းဘ၀ကို တောင်းပန်သောအခါ ဗုဒ္ဓက သပိတ်သင်္ကန်းကို အရှာခိုင်းရပါသည်။ ဗာဟိယဒါရုစိယသည် အတိတ်ဘ၀များက ပရိက္ခရာမလှူဖူးသောကြောင့် ဧဟိဘိက္ခု ခေါ်၍ မရခြင်းဖြစ်သည်။ ထိုသို့ ပံ့သကူသင်္ကန်း ရှာဖွေနေသော ဗာဟိယဒါရုစိယကို နွားမယောင်ဆောင်ထားသော ရန်သူဘီလူးမက ဝှေ့သတ်သောကြောင့် လူ့ဘ၀နှင့်ပင် ပရိနိဗ္ဗာန် ၀င်စံခဲ့ရပါသည်။
         ထို့နောက် မြတ်စွာဘုရား၏ ညွှန်ကြားချက်ဖြင့် ရဟန်းတော်မားက မီးပူဇော်ပြီး ဓာတ်တော်ကို စေတီတည်တော်မူကြပါသည်။ ထို့နောက် ပရိသတ်လေးပါးအလယ်တွင် ဗုဒ္ဓက ..........
         ဧတဒဂ္ဂံ ဘိက္ခဝေ ၊ မမသာဝကာနံ  ဘိက္ခူနံ ခိပ္ပဘိညာနံ ၊ ယဒိဒံ ဗာဟိယော ဒါရုစိရိယော
        " ချစ်သားရဟန်းတို့ အသိဥာဏ် လျှင်မြန်သော ငါဘုရား၏ တပည့်သာဝကတို့တွင် ဗာဟိယဒါရုစိရိယသည် အမြတ်ဆုံး အသာဆုံးဖြစ်သည် " ဟူ၍ ခိပ္ပဘိညာ ဧတဒဂ်ဘွဲ့ထူး ချီးမြှင့် ချီးကျူး မြှောက်စားတော်မူခဲ့ပါသည်။
         အချုပ်အားဖြင့် သိစေချင်သည်မှာ ဗာဟိယဒါရုစိယ ခိပ္ပဘိညာ ရဟန္တာအဖြစ်နှင့် ပရိနိဗ္ဗာန် ၀င်စံရခြင်း၏ အဓိကအကြောင်းရင်းမှာ ကသာပမြတ်စွာဘုရား၏ သာသနာနောက်ပိုင်း ကာလက ၀ိပသာနာတရား အားထုတ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိစေလိုခြင်းပင်။ ထို့ကြောင့်လည်း စလင်းကန်လယ် ဆရာတော်ဘုရားကြီးက ...........
         " ဘုရားတွေ အများကြီး ရှိသေးတယ်။ အိုလူအများတို့ သင်တို့သည် ဘုရားသခင်နှင့် မတွေ့လိုက်ကြရ၍ ဘာဝမ်းနည်းစရာ ရှိသလဲ ၊ ယခုအခါ ဓမ္မခန္ဓာ ဘုရားတွေ အများကြီးရှိသေး၏။ ကံ ပါရမီရှိလျှင် ရလိမ့်မည် ဟူ၍သာ အေးစက်စက်နှင့် နေကြလျှင် အများကြီး နစ်နာကြလိမ့်မည်။ စာမတတ်လို့ ဘာမတတ်လို့လည်း မလုပ်ကြပါနှင့်။ တရားတွေ့လျှင် ရနိုင်ပါသည်။
         သို့အတွက် အို လူအများတို့ ........ ယခုအခါ ကံပါရမီ မေးရန်မလိုပါ ၊ ရှင်ဘုရင်သား ဖြစ်ပြီးသူ အိမ်ရှေ့မင်းသားသည် ရှင်ဘုရင်ဖြစ်ရန် ဗေဒင်မေးဖို့မလို ၊ မုတ်ဆိတ် ပျားစွဲသူသည် တခြားသွားပြီး ပျားဖွပ်ရန်မလို ၊ ရန်သူ ၀ိုင်းထားခံရသူသည် ထွက်ပေါက်သိလျှက်ကနဲ့ မထွက်သော် ကံပါရမီချဖွယ် မလို။ အညစ်အကြေးလူးသူသည် ရေစင်ရှိလျှက် မဆေးသော် ရေ၌ အပြစ်ဆိုဖွယ်ရာ မလို။
         မိမိကသာ ပျင်းလို့ ၊ နလို့ ဖြစ်သည်။ အသေနည်းသေးတယ် လို့သာ ဆိုဖွယ်ကောင်းတော့၏။ ကြောက်ကြ လန့်ကြ ၊ ထိတ်ကြ အို လူအများတို့ သို့အတွက် တရားအားထုတ်ကြပါကုန်လော" ဟူ၍ လေးလေးနက်နက် တိုက်တွန်း နှိုးဆော်တော်မူခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
မှတ်ချက် ။         ။ မန္တလေးကျောင်းဆရာတော် ( ရွှေပြည်သာမြို့ )မှ ၂၀၀၈ခုနှစ်တွင် ရေးသားခဲ့သော ( သောတာပန် ) ဆောင်းပါးမှ ကောက်နှုတ်၍ တင်ပြခြင်းဖြစ်ပါသည်

0 comments:

Post a Comment