Tuesday, February 5, 2013

နည်းပညာ နှင့်ပတ်သတ်၍

Hacking ကို စိတ်ဝင်စားပါတယ်လို့ ပြောလာတဲ့ ညီမလေးတစ်ယောက် ကိုလည်း ကျနော် လိုင်းပေါ်မှာတွေ့ဖူးပါတယ်။ဆယ်တန်းအောင်ထားတဲ့ကောင်မလေး တစ်ယောက်ပါ။တအံ့တသြ ဖြစ်မိပါတယ်။မိန်းကလေး တစ်ယောက် ဟက်ဟာ ဖြစ်ချင်တယ် လို့ ပြောလာတာတော့ တော်တော်ဆန်းနေသလား လို့။မုံရွာသူ တစ်ယောက် ပဲမို့ ငါတို့ မုံရွာသား၊မုံရွာသူတွေကပဲ ထူးထူးခြားခြားတွေ စိတ်ဝင်စားနေတာလား လို့တွေးမိတယ်။ကျနော်လည်း ဆယ်တန်း ပြီးစတုန်းက အဲဒီလို အော်ခဲ့ဖူးတယ်ဗျ။ကွန်ပျူတာတက္ကသိုလ် တက်ပြီး Hacker လုပ်မယ်ပေါ့ဗျာ….. :) ။ဖြစ်မလာခဲ့ပါဘူး။ဘယ်ပညာရပ်မှာပဲဖြစ်ဖြစ် ဘ၀တစ်ခုလုံး ကို ရင်းပေးနိုင်မှ တကယ် တတ်တဲ့သူဖြစ်လာမှာပါ။
ကွန်ပျူတာပညာရပ်တွေက ပိုပြီး ရှုပ်ထွေးပါတယ်။အဲဒီ ရှုပ်ထွေးပါတဲ့ ကွန်ပျူတာပညာရပ်တွေကို အပိုင်သိမ်းနိုင်တဲ့ Hacking လောက က ပိုပြီး နက်ရှိုင်းကျယ်ပြန့်ပြီး ကြောက်စရာကောင်းတယ်လို့တောင် ကျနော် ထင်မိတယ်ဗျ။Hacking …Hacking လို့အော်ပြီး Gmail အကောင့်လေး ခိုးနိုင်တာလောက်နဲ့ပဲ ကိုယ့်ကိုကိုယ် Hacker ကြီးလို့ ခံယူထားတဲ့ အကိုကြီးတွေ၊ချာတိတ်ပေါက်စန လေးတွေ နဲ့ ကျနော် သိခဲ့ရဘူးပါတယ်။ကျနော် ဖတ်ဖူးတဲ့ဆောင်းပါးတစ်ပုဒ်မှာ Hacker တစ်ယောက်က ဘယ်တော့မှ ကိုယ့်ကိုကိုယ် Hacker ပါလို့ ထုတ်မပြောဘူးတဲ့ဗျ။နောက်ပြီး gmail ခိုးနိုင်တဲ့လူလောက်ကိုလည်း Hacker လို့မသတ်မှတ်၊မခေါ်ဝေါ်ပါဘူး။Cracker လို့ပဲ ခေါ်ကြတယ်။ဒါတောင် တကယ့် Cracker ဆိုတာ Software တွေရဲ့ ပြစ်ချက်၊ယိုပေါက် ကို ရှာပြီး Free Serial တွေကို ရှာပေးနိုင်တဲ့သူတွေဗျ။ကျနော်တို့ မြန်မာနိုင်ငံမှာ software တော်တော်များများ black အနေနဲ့သုံးလို့ရအောင်လုပ်ပေးထားတာ အဲဒီ Cracker တွေရဲ့ကျေးဇူးပေါ့ဗျာ။
ဒီတော့ gmail ခိုးနိုင်တဲ့လူကို သူခိုး လို့ပဲ ခေါ်ရမယ်ထင်တယ်။ဒီလိုရေးတဲ့အတွက် gmail သူခိုးများ မကျေနပ်ပါက thetpaimyo103@gmail.com ကို လာခိုးနိုင်ပါတယ်။လာယူနိုင်ရင် လာယူပါ။အဲ……ကျနော် ပြောတာက gmail ခိုးတဲ့သူတွေကိုပဲပြောတာနော်။website တစ်ခုလုံး ကပြောင်းကပြန်လုပ်နိုင်နေတဲ့ Myanmar Hacker အစစ်များကို လုံးဝ မရည်ညွှန်းပါ။အဲဒီ ပညာရှင်တွေကိုတော့ ကျနော် တကယ်ကြောက်ပါတယ်။လုံးဝကြောက်ပါတယ်။တော်ကြာ ရှိစုမဲ့စု wordpress ဆိုဒ်လေး ယူသွားရင် ဘယ်လိုလုပ်မလဲ…… :) Hacker မှာ White Hat,Black Hat,Grey Hat ဆိုပြီး သုံးမျိုးရှိတယ်ဗျ။White Hat ဆိုတာ အဖြူရောင်သိုင်းသမား…အဲလေ ယောင်လို့…ဖြူစင်တဲ့ ဟက်ကာပေါ့ဗျာ။ကောင်းတာတွေပဲ လုပ်မှာပေါ့။အမေရိကန်အစိုးရက အဲဒီ White Hat တွေကို ငှားတယ်ဆိုပဲ။လစာ အများကြီးပေးတယ်တဲ့။Black Hat ကတော့ မကောင်းတာတွေလုပ်တာပေါ့ဗျာ။ဘဏ်အကောင့်က ပိုက်ဆံခိုးတာတို့ ဘာတို့ပေါ့။Grey Hat ကျတော့ ကြားနေလူတန်းစား။သူလုပ်ချင်တာ လုပ်မယ်။သဘောက…. ကောင်းတာလည်း လုပ်မယ်။ဆိုးတာလည်း လုပ်ချင်လုပ်မယ်။
ကျနော် gmail လာခိုးပါ လို့ စိန်ခေါ်ရဲနေတော့ တစ်ချို့ က အထင်တွေကြီးနေမယ်ထင်တယ်။ဘာမှမဟုတ်ပါဘူးဗျာ။ခင်ဗျားသာ တစ်ခါမှမမြင်ဖူးတဲ့အကောင့်က ပို့လာတဲ့ မေးလ်တွေထဲကိုသာ ဟိုလျှောက်ဝင် ဒီလျှောက်ဝင် မလုပ်နဲ့။Phishing ဆိုတာ မေးလ်အတုပို့ပြီး ခင်ဗျားဆီက အချက်အလက်တွေကို ယူတာ။ဥပမာဗျာ..ခင်ဗျား ကို မေးလ်တစ်စောင်ပို့လိုက်တယ်။အဲဒီမေးလ်က Google ကပါ။ဘာတွေ ဘာတွေအတွက် ခင်ဗျား Account & Password ၀င်လိုက်ပါ လို့ပြောလို့ ခင်ဗျား အမှန်တွေသာ ထည့်လိုက်လို့ကတော့ ခင်ဗျား အကောင့်ပါသွားပြီပဲ။နောက်ပြီး ၀က်ဆိုဒ် အနေနဲ့လည်း ယူလို့ရတယ်ဗျ။အဲဒါကတော့ တော်တော်လေးကျွမ်းကျင်တဲ့သူခိုးမှ လုပ်နိုင်မှာ။ဒီတော့ တွေ့သမျှ ၀က်ဆိုဒ်တိုင်း Member ၀င်တာတို့ဘာတို့မလုပ်နဲ့ပေါ့ဗျာ။
နောက်တစ်ခုက Keylogger နဲ့ password ယူတာ။အသုံးအများဆုံးပဲ။အင်တာနက်ဆိုင် တွေမှာ ရှိလေ့ရှိတယ်။တစ်ချို့ဆိုင်တွေမှာတော့ ဒီအတွက် စနစ်တကျကာကွယ်ပေးထားပါတယ်။ဒါလည်း ရှောင်လို့ရပါတယ်ဗျာ။password ထည့်တဲ့အခါ ပိုထည့်လိုက်။ဥပမာ Password က 123456789 ဆိုပါစို့။ရိုက်တဲ့အခါကျရင် နောက်မှာ ငါးလုံးလောက် ပိုထည့်ပေးလိုက်။123456789abcde ပေါ့ဗျာ။ပြီးမှ ပိုနေတဲ့ အလုံး ငါးလုံးကို Backspace နဲ့ပြန်ဖျက်။Backspace နဲ့ပြန်ဖျက်တာကို Keylogger software က မမှတ်နိုင်ဘူး။ရိုက်သမျှ ပဲ မှတ်မှာ။နောက်ပြီး Keylogger ဖယ်တဲ့ portable software လေးတွေလည်းရှိတယ်ဗျ။ရှာပြီး ဆောင်ထား။နောက်ပြီး USB Stick နဲ့ခိုးလို့လည်း ရတယ်။USB thief ဆိုတဲ့ software ကို stick ထဲ install လုပ်ပြီး stick ကို စက်မှာ တပ်ထားလိုက်မယ်ဆိုရင် တပ်ထားတဲ့အချိန်အတွင်း ရိုက်သမျှ password အားလုံး stick ထဲမှာ မှတ်သွားတာ။ကျနော် စမ်းကြည့်ဖူးတယ်။ကျနော်ပဲ ညံ့လို့ဖြစ်မှာပါ။မအောင်မြင်ဘူး။အဲဒီ stick နဲ့မှတ်တာကလည်း backspace နဲ့ပြန်ဖျက်တယ်ဆိုတာကို မမှတ်နိုင်ဘူး။နောက်ပြီး password အတွက် စကားလုံး များများ နဲ့ရှုပ်ရှုပ် လုပ်ပါ။ကိုယ်မှတ်မိအောင်တော့ မှတ်ပေါ့ဗျာ။ဥပမာ – thEtPaInGMyo!0# လို ပုံစုံမျိုးပေါ့။thetpaimyo103 ဆိုတဲ့စကားလုံးတွေမှာ တစ်ချို့ကို shift ခံရိုက်လိုက်တာ။password ကို ဝေမျှမသုံးပဲ တစ်ယောက်ထဲ သုံးစေချင်တယ်။နောက်ပြီး တစ်လတစ်ခါလောက် password ပြောင်း။ဒါဆို အဆင်ပြေပါပြီ။
Hacking ပိုင်းမှာ သာမန်အဆင့်လောက်လေးတောင် ရဖို့ အတော် ကြိုးစားယူရပါလိမ့်မယ်။ကျနော်တို့မြန်မာနိုင်ငံရဲ့အခြေအနေအရ ကွန်ပျူတာပစ္စည်းတွေနဲ့ ဝေးတော့ သူများနိုင်ငံတွေလို မွေးကတည်းက ကွန်ပျူတာ ဖက်မွေးလာတဲ့ ပုဂ္ဂိုလ်တွေကို မှီအောင်လိုက်ဖို့ အများကြီးကြိုးစားရမှာပါ။Hacker တစ်ယောက်က ကွန်ပျူတာပိုင်းဆိုင်ရာ အားလုံးလိုလို ကို တတ်ထားရပါလိမ့်မယ်။Programming ဘာသာရပ်တွေကို ပိုင်နိုင်နေရမှာဖြစ်သလို Hardware ပိုင်းကိုလည်း သိနေရပါမယ်။Website တစ်ခုခုကို ကျွမ်းကျွမ်းကျင်ကျင် ရေးတတ်ရပါလိမ့်မယ်။Hacking အတွက် Microsoft Window နဲ့လေ့လာလို့မရဘူးဗျ။Linux OS တစ်ခုခု သုံးရပါလိမ့်မယ်။ဘာလို့လဲဆိုတော့ Microsoft Window က Binary code တွေကို မဖတ်နိုင်လို့ပါ။မြန်မာနိုင်ငံမှာ Linux အနေနဲ့ Ubuntu ကို အသုံးများကြပါတယ်။အခြား Linux OS တွေလည်း အများကြီးရှိသေးတယ်။Red Hat , Backtrack …. အများကြီး အများကြီးပဲ။ကျနော်လည်း လက်တော့ စ၀ယ်ခါစက ခပ်တည်တည်နဲ့ Ubuntu နာမည်ကြီးလှတယ် ဆိုပြီး Window နဲ့တွဲတင်ဘူးတယ်ဗျ။အစပိုင်းတော့ မြောက်ကြွ မြောက်ကြွ နဲ့ပေါ့ဗျာ။ကိုယ့်ကိုကိုယ် Ubuntu သုံးသူကြီး ဆိုပြီး ဟိုဟာလုပ်ချင်တာနဲ့၊ဒီဟာ လုပ်ချင်တာနဲ့။နောက်ပိုင်းတော့ တဖြည်းဖြည်း စိတ်ဓာတ်ကျလာတယ်။WEP Wifi တစ်ခုတောင်မှ ကောင်းကောင်း မဟက်တတ်တော့ စိတ်ညစ်လာတော့တာပေါ့။အဲဒါနဲ့ Ubuntu ပြန်ဖြုတ်မယ် လို့လုပ်။အဲ….အဲဒီမှာ ကွိုင်တက်တာပဲဗျို့။Ubuntu ဖြုတ်လိုက်တာနဲ့ Window ပါ တက်မလာတော့ဘူးဖြစ်သွားတယ်။အဲဒါနဲ့ Window အသစ် ပြန်တင်လိုက်ရတယ်။ဒါ ကျနော် Ubuntu သုံးခဲ့ဖူးတဲ့အရသာ ပြောပြတာပါ။Hacking ပိုင်းကို အကြီးအကျယ်ကို လိုက်တော့မယ်ဆိုရင်တော့ ကျနော့်လို စိတ်ဓာတ်မကျစေနဲ့ပေါ့ဗျာ။နောက်ပြီး  စိတ်ဝင်စားလို့ လေ့လာချင်တယ်ဆိုရင် ကျနော့်ဆီမှာ website လိပ်စာတွေ၊pdf ဖိုင်တွေ အများကြီး ရှိတယ်ဗျ။လိုချင်တဲ့သူတွေအနေနဲ့ ကျနော့် မေးလ်ကနေတဆင့် ပြောပါ။ကျနော် ပေးပါ့မယ်။ဘာလို့လဲဆိုတော့ ကျနော့်မှာရှိနေလည်း ဖတ်လဲမဖတ်၊၀င်လဲဝင်မှ မကြည့်ပဲ…. :)
အားလုံးပဲ လုံခြုံကြပါစေ………

0 comments:

Post a Comment