Sunday, September 18, 2011

သွေးအမျိုးအစားအလိုက် အချစ်ဖွင့်ဆိုချက်များ.............

အေသွေး



အေသွေးပိုင်ရှင်တွေဟာ ခေါင်းမာတယ်။ အယူသီးတယ်။ သူတို့ဟာ
ရှက်ကြောက်လေ့ရှိတယ်။ ကိုယ့်အကြောင်းပဲ အဓိက စိတ်ဝင်စားပြီး
ပြင်ပလူတွေအကြောင်း သိပ်စိတ်မဝင်စားတတ်ဘူး။ မုသားကို အလွယ်တကူ
မဆိုလေ့ရှိဘူး။ သူငယ်ချင်းတွေ အပေါ်မှာလည်း သစ္စာရှိကြတယ်။
လျှို့ဝှက်တတ်တယ်။ သူတို့ရဲ့ ခံစားချက်ကို အလွယ်တကူ မဖွင့်ဟတတ်ကြဘူး။
အမျိုးသားများဟာ သူတို့ချစ်သူကို နူးညံသိမ်မွေ့စွာ ချစ်ခင်တတ်ပြီး
တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆို ပိတောက် ချစ်တတ်တဲ့ ချစ်သူများပဲ
ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရင်ထဲက စိတ်ခံစားချက်တွေကို တစ်ဖက်သူသိအောင်
အထူးသဖြင့် ချစ်သူသိအောင် ဖွင့်ထုတ်တဲ့နေရာမှာ အတော်လေး အားနည်းရှာတယ်။
မိန်းမတွေကို ချဉ်းကပ်ဖို့ ကြိုးစားတဲ့ လိုင်းမှာလည်း
တွန့်ဆုတ်ဆုတ်နိုင်တယ်။ “မြင်မြင်ချင်းအချစ်”နဲ့ ချစ်တတ်တယ်။
အချစ်နဲ့လိင်ကိစ္စ မရောထွေးတတ်ဘူး။ အေသွေးပိုင်ရှင် အမျိုးသမီးများကတော့
သူ့ချစ်သူအကြောင်း တစ်ချိန်လုံး စဉ်းစားနေတတ်တယ်။ အချစ်မရှိဘဲ
လိင်ကိစ္စလုပ်ရတာ စိတ်မဝင်စားဘူး။ လွယ်လွယ်ကူကူနဲ့ မချစ်တတ်ဘူး။
ချစ်မိရင်လည်း စွဲစွဲမြဲမြဲ နက်နက်ရှိုင်းရှိုင်း ချစ်တတ်တယ်။ ယုတ်စွအဆုံး
ကိုယ့်ရဲ့ ချစ်သူဟာ မလွတ်မကင်း အိမ်ထောင်သည် ဖြစ်နေခဲ့ရင်တောင်
စွဲစွဲမြဲမြဲ ချစ်တတ်လေ့ ရှိကြတယ်။ ဒါပေမဲ့ သစ္စာဖောက်ခံရရင်တော့
လက်စားချေတတ်ကြတယ်။



ဘီသွေး



ဘီသွေးပိုင်ရှင်တွေဟာ အကောင်းမြင်တတ်တယ်။ လိုက်လျော ညီထွေဖြစ်အောင်
နေတတ်တယ်။ တီထွင် ဖန်တီးတတ်တယ်။ သူတို့ဟာ ကိုယ့်ဒူးကိုယ်ချွန်တတ်တဲ့
သူများလည်း ဖြစ်တယ်။ သူတို့ကို တခြားသူတွေ ဘယ်လိုထင်ထင်
ဂရုမစိုက်တတ်ကြဘူး။ အမျိုးသားများဟာ အမျိုးသမီးတွေနဲ့ ဆက်ဆံတဲ့အခါ
ရိုးသားတယ်၊ ပွင့်လင်းတယ်။ ဆွဲဆောင်မှု ရှိတယ်။ ဇာတ်လမ်းများတယ်။
မျက်နှာများတယ်။ ဘီသွေးပိုင်ရှင် အမျိုးသမီးများကတော့ အချစ်စိတ်
ထက်သန်ကြပေမယ့် အလွယ်တကူ မပြတတ်ကြဘူး။ သူတို့ဟာ ဆိုရှယ်မလေးတွေလည်း
ဖြစ်ကြတယ်။ ပွဲလမ်းသဘင် အထွက်များကြတယ်။ ကဗျာဆန်ချင်တယ်။ ဒါကြောင့်
သူတို့ရဲ့ချစ်သူဟာ ကဗျာမဆန်တဲ့ အခါမျိုးမှာ စိတ်ပျက်လက်ပျက်
ဖြစ်ရလေ့ရှိတယ်။ သူတို့ဟာ အမြဲထိပ်ဆုံးမှာ နေချင်ကြတယ်။



အိုသွေး



အိုသွေးပိုင်ရှင်တွေဟာ ရည်မှန်းချက် ကြီးမားတယ်။ အားကစား ဝါသနာပါတယ်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်။ ခေါင်းဆောင် ဖြစ်တတ်တယ်။ ဒေါသကြီးတယ်။
သူတို့ဟာ လောင်းကစား လုပ်ရမှာ ကြောက်တယ်။ ဝါသနာ မပါကြဘူး။ အားကစားဘက်မှာ
ထူးချွန်လေ့ရှိတယ်။ အမျိုးသားများကတော့ သူတို့ရဲ့ စိတ်ခံစားချက်ကို
ရှက်ကြောက်ရွံ့မှု မရှိဘဲ ဖော်ပြနိုင်တယ်။ အချစ်ရေးမှာ အခက်အခဲ
ကြုံနေရင်လည်း မရမကနည်းနဲ့ ထိုးဖောက် ကျော်ဖြတ်လေ့ ရှိကြတယ်။ လိင်ကိစ္စကို
လူ့သဘာဝအရ လူသားတိုင်း ထမ်းဆောင်သင့်တဲ့ လူ့သမိုင်းပေးတာဝန်လို့
ခံယူထားတယ်။ လုပ်ငန်းခွင်အတွင်း အချစ်ရေးကို ကြမ်းတုံးခုပြီး
ရာထူးတိုးအောင် လုပ်တတ်တယ်။ ငွေကြေးအတွက် လက်ထပ်တာတွေ လုပ်တတ်တယ်။
မိမိကိုယ်ကို မိမိ အရမ်းအထင်ကြီးတယ်။ ချစ်သူနဲ့ တွေ့တဲ့အခါမှာ First
Impression ကာင်းအောင် နေတတ်တယ်။ ကဗျာဆန်သလိုလို ထင်ရပေမယ့် ကဗျာမဆန်ဘူး။
အိုသွေးပိုင်ရှင် အမျိုးသမီးများဟာ သန့်စင်တယ်။ ကဗျာဆန်တယ်။ ခံစားချက်
ပြင်းထန်တယ်။ မိခင်စိတ်ကြီးတယ်။ နောက်ပြီး အရမ်းလည်း သဝန်တိုစိတ်
ကြီးမားတယ်။ အရာရာကို ငြီးငွေ့လွယ်တယ်။ အသစ်အဆန်း မက်မောတယ်။



အေဘီသွေး



အေဘီသွေး ပိုင်ရှင်တွေဟာ အေးတယ်။ ခံစားချက်ကို ချုပ်တီးထားတတ်တယ်။
ဆိုရှယ်ကျတယ်။ ပေါ်ပြူလာဖြစ်တယ်။ တစ်ခါတစ်ရံမှာ ပျင်းရိပျင်းတွဲ နိုင်တယ်။
ပြစ်တင် ဝေဖန်တတ်တယ်။ ဆုံးဖြတ်ချက်ချတာ ဝေခွဲမရ ဖြစ်တတ်တယ်။ သူတို့ကို
ခန့်မှန်းလို့မရဘူး။ သူတို့ဟာ ငွေရှာကောင်းတဲ့ သူတွေလည်း ဖြစ်ကြတယ်။
တစ်ခါတလေမှာ သူတို့ဟာ မျက်နှာများတတ်တယ်။ အမျိုးသားများကတော့ အရမ်းခံစား
လွယ်တယ်။ ချစ်တတ်တယ်။ အမျိုးသမီးတွေနဲ့ အရောတဝင် လိုက်လျော ညီထွေနေဖို့
အရမ်းရှက်တတ်တယ်။ အရမ်း ကဗျာဆန်တယ်။ သူ့ရဲ့ ချစ်သူလောင်းကိုလည်း သူ့လို
ကဗျာဆန်မယ်လို့ မျှော်လင့်ထားတတ်တယ်။ လိင်ကိစ္စကို ဝါသနာတစ်ရပ်အဖြစ်
ခံယူထားတတ်တယ်။ အေဘီသွေးပိုင်ရှင် အမျိုးသမီးများဟာ အိပ်မက်နယ်ကနေ
မလွတ်မြောက်တတ်ဘူး။ စိတ်ကူးယဉ် ဆန်လွန်းတယ်။ သူတို့ရဲ့ ချစ်သူလောင်းကို
အလုပ်ကောင်းကောင်း၊ လစာကောင်းကောင်းရှိတဲ့ သူမျိုးဖြစ်ချင်တယ်။
လွယ်လွယ်နဲ့ အချစ်ကို လက်မခံချင်ကြဘူး။

1 comment:

  1. ဗဟုသုတအဖြစ်မှတ်ထားသင့်ပါတယ် ကျေးဇူးပါ အစ်ကို။

    ReplyDelete