Sunday, September 25, 2011

ကမ္ဘောဒီးယားတွင် တွေ့ရှိခဲ့သော မြန်မာစေတီတစ်ဆူနှင့် ကွင်းဆက် ပျောက်ဆုံးနေသော မျိုးနွယ်စုတစ်ခု

  ကမ္ဘောဒီးယားနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်နေသော ဦးပြုံးမောင်မောင်နှင့် အဖွဲ့က မြန်မာလူမျိုး တစ်ဦးမျှမရှိသော အရပ်ဒေသ၌ မြန်မာစေတီတစ်ဆူကို တွေ့ ရှိခဲ့ကြပါသည်။ ထိုဒေသမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ သွားရောက်ပါက အချိန်လေးနာရီ ကြာမြင့်မည်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမှ သွားရောက်ပါက အချိန်ခြောက်နာရီ ကြာမြင့်မည်ဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ၊ ပိုင်လင်းဒေသ အနီး၌ ဖြစ်ပါသည်။
    အောင်စူဠာမဏိစေတီ စေတီ၏ ဘွဲ့အမည်မှာ အောင်စူဠာမဏိ(Aung Sular Mani Stupa) ဖြစ်ပါသည်။ ကမ္ဘောဒီးယား လူမျိုးများက အောင်ချူဠာမဏိဟု ခေါ်ဆိုကြပါသည်။
    အမြင့်ပေ ၁၀၀ ခန့်ရှိသော ကုန်းတော်ထက်တွင် စေတီ ကိုတည်ထားပြီး ဥာဏ်တော်အမြင့် မှာ ပေခြောက်ဆယ်ခန့် ရှိပါသည်။ စေတီကို စတင်တွေ့ရှိချိန်၌ စေတီထက်ရှိ စိန်ဖူးတော်မှာ ကျိုးကျ ပျက်စီးလျက်ရှိနေပြီး စေတီအောက်ခြေနှင့် စေတီနံရံများတွင်လည်း ခြုံနွယ်များနှင့် သစ်မြစ်များက အခိုင်အမာပေါက် ရောက်နေခဲ့ပါသည်။ စေတီအထက်မှ အောက်အထိ အက်ကြောင်း တစ်ခု ဖြစ်ပေါ်နေရာ မကြာမီအက်ကွဲသွား နိုင်သည့် အခြေအနေရှိနေပါသည်။
      ခိုလာမျိုးနွယ်စုနှင့် ပတ်သက်သည့် စာပေ၊ ယဉ်ကျေးမှု၊ အကနှင့် ဂီတများမှာ ကမ္ဘောဒီးယား၌ အခိုင်အမာ ရှိနေခဲ့သည်။ ထိုသို့ ရှိခဲ့သော်လည်း ခိုလာစာပေ၊ ယဉ်ကျေးမှု၊ အကနှင့် ဂီတများမှာ မြန်မာဟန် ဟု အတိအကျပြောနိုင်ရန်မှာ သုတေသနပိုင်း၌ လိုအပ်ချက်များ ရှိနေဆဲ အရန်စေတီထက်မှ အလှူရှင်အမည်များ
မြန်မာနိုင်ငံမဟုတ်သော အခြား နိုင်ငံနယ်နိမိတ်အတွင်း မြန်မာဟန် အပြည့်ဖြင့် တည်ထားသော စေတီ တစ်ဆူရှိနေခြင်းထက် မြန်မာများတည်ထားသည့် စေတီဖြစ်ကြောင်း သက်သေကို အရန်စေတီများ၌ တွေ့ရှိခဲ့ရခြင်းက ပို၍စိတ်ဝင်စားဖွယ် ကောင်းခဲ့ပါသည်။
   အောင်စူဠာမဏိ စေတီနံဘေး၌ အရန် စေတီလေးဆူ ရှိခဲ့သည်။ အရန်စေတီများမှာလည်း ပျက်စီးလျက်ရှိနေပြီ ဖြစ်ပါသည်။ အရန်စေတီများ၌ အသုံးပြုထားသော သဲမြေအမျိုး အစားနှင့် အောင်စူဠာမဏိစေတီ၌ အသုံးပြုထားသော သဲမြေအမျိုးအစားမှာ ကွာခြားမှုရှိခဲ့ပါသည်။ ယေဘုယျအားဖြင့် အောင် စူဠာမဏိစေတီတွင် အသုံးပြုထားသော သဲမြေအမျိုးအစား မှာပို၍ ရှေးကျနေ ကာ ဓာတ် ခွဲမှုပြုလုပ် ရန်စီစဉ် နေပါ သည်။
       အရန်စေတီများတွင် ရေးထိုးထား သော အလှူရှင်အမည်များနှင့် ဒါနပြု ရက်စွဲကို အတိအကျတွေ့ရှိရပါသေးသည်။ ထိုအချက်က ပိုင်လင်းဒေသ၌ မြန်မာများ အခြေချခဲ့သည့်ကာလကို သိရှိစေခဲ့သည်။
      ပထမဆုံးတွေ့ရသော အရန်စေတီ၌ ရေးထွင်းထားသောစာသားမှာ “၁၂၈၇ ခု၊ ဖားအိရွာနေ၊ ကိုကျာရုံ မမိတ်တို့ကောင်းမှု”ဟူ၍ ဖြစ်ပါသည်။ ရေးထွင်းထားသည့် ခုနှစ်မှာ မြန်မာသက္ကရာဇ်ဖြစ်ပါသည်။ ခရစ်နှစ်ဖြင့် တွက်ချက်ပါက ၁၉၂၅ ခုနှစ်အချိန် ဖြစ်ပါသည်။ အရန်စေတီထက်မှ တွေ့ရှိရသော အထောက်အထားအရ ထိုဒေသ၌ မြန်မာများနေထိုင်ခဲ့သည် ဆိုသော ကာလမှာ ၁၉၂၅ ခုနှစ်မတိုင်ခင် အချိန်ကတည်းကဟု ယေဘုယျ ယူဆနိုင်ပါသည်။
     အခြားသော အရန် စေတီများထက်တွင်လည်း မြန်မာအမည်များနှင့်ခုနှစ်များ ရေးထွင်းထား ခဲ့ပါသည်။ ဘုန်းကြီးကျောင်းမှ အလှူရှင်အမည်များ အောင်စူဠာမဏိ စေတီအနီး၌ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းရှိပြီး ထိုဘုန်းတော်ကြီး ကျောင်းအတွင်း ရေးထိုးထားသော အလှူရှင် အမည်များမှာလည်း မြန်မာအမည်များပင် ဖြစ်နေခဲ့သည်။ ခမာ နှင့် မြန်မာဘာသာများဖြင့် ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။
ဘုန်းကြီးကျောင်းသို့ ၀င်ရောက်ရာ စင်္ကြံတစ်လျှောက်ရှိ အမိုး ခန်းဖွဲ့တစ်ခုချင်းစီအလိုက် မြန်မာ အလှူရှင်အမည်များ ရေးထိုးထားခဲ့ သည်။ ဦးပညာ ဒေါ်အုန်းခွန်ဒါန၊ ဦး ဘကြွယ် ဒေါ်စောဟန်ဒါန၊ ဦးထွန်းလှ ဒေါ်ရွှေစာဒါန၊ ဒေါ်ရွှေမြင့် သမီး မလှဖြူဒါန၊ ဘိုးသန်းငွေ မသန်းရှင် ဒါန၊ မောင်Óဏ်သောင်း မစိန်မြင့် ဒါန၊ မောင်စိန်ဖူးမအုံးရင်ဒါန၊ မောင်ထန်ဝင်း မဧလူဒါန၊ ဆရာဟန်တင် မကြန်ထောင်းဒါန၊ မောင်လှဖေ မဖိပ် ဒါန၊ ဒေါ်တောင်း ဒါန၊ ဦးလှပေါ် ဒါန၊ ဒေါ်ဖွားမေ ဒါန၊ ထစ်ဧမချင်း ဒါန၊ ဦးကြွယ်ဒေါ်စိန်ခင် ဒါန အစရှိသော အလှူရှင်များ၏အမည်များ တွေ့ရပါသည်။
ပို၍ ထူးခြားသည်မှာ ဘုန်းတော်ကြီးကျောင်းအတွင်း မြန်မာဟန်အပြည့်ဖြင့် ထွင်းထုထားသော ရုပ်ပွားတော်တစ်ဆူကို ဖူးတွေ့ရခြင်းပင်ဖြစ်ပါသည်။ ထိုရုပ်ပွားတော်၏ အောက်ခြေတွင်လည်း မြန်မာဘာသာဖြင့်ပင် ရေးထွင်းထားသော စာ သားများကို တွေ့ရှိရပါသည်။
       “ထုလုပ်သူ ဦးမြို့ကျောက်ဆစ်တန်း၊ မန္တလေးမြို့”ဟူ၍ ဖြစ်ပါသည်။ ထိုရုပ်ပွားတော်ကို လှူဒါန်းခဲ့သည့် အလှူရှင်အမည်နှင့် ဒါနပြုခဲ့သောရက် စွဲမှာ “၂၄ ရက် ဧပြီလ ၁၉၆၅ခု ကို ဟံညိမ်း၊ မမယ်လီစိန် သားသမီးမြေး များ ကောင်းမှု”ဟူ၍ ဖြစ်ပါသည်။ ရုပ်ပွားတော်ကြီးတစ်ဆူ၏ အောက်ခြေတွင်မူ ရှမ်းဘာသာစကားဖြင့် ရေးထွင်းထားသော စာများကို တွေ့ရှိရ ပါသည်။ ပိုင်လင်းနှင့် မြန်မာ ပိုင်လင်းဒေသ၌ မြန်မာအနွယ်များမှာ ၁၉၂၃ ခုနှစ်ကာလမတိုင်မီ အချိန်ကတည်းက ရောက်ရှိနေပြီး ၁၉၆၅ ခုနှစ်မတိုင်မီ အချိန်အထိ နေထိုင်ခဲ့ကြောင်း ယူဆရပါသည်။
     စေတီတော်ကို တွေ့ရှိခဲ့သော မျက်မှောက်ခေတ် အချိန်တွင်မူ အဆိုပါ ဒေသ၌ မြန်မာတစ်ဦးမျှ ရှိမနေတော့ဘဲ စေတီတော်၏ ရာဇ၀င်ကို သိရှိနိုင်သူကိုလည်း မတွေ့ရှိခဲ့ကြပေ။ ၁၉၆၉ ခုနှစ်၌ပိုင်လင်းဒေသကို ခမာနီခေါင်းဆောင် ပိုပေါ့က အခြေစိုက် စခန်းပြုလုပ်ခဲ့ပြီးနောက် အဆိုပါဒေသ၌ ခမာနီများမှလွဲ၍ အခြားသူများ နေထိုင်မှုကင်းပြတ်ခဲ့ပါသည်။
           ၁၉၉၅ ခုနှစ်တွင် ပိုင်လင်းဒေသ၌ အခြေချနေထိုင်သူများ ပြန်ရှိ လာခဲ့သော်လည်း ကမ္ဘောဒီးယား လူမျိုးများဖြစ်နေခဲ့သည်။ အောင်စူဠာမဏိစေတီ အနီးရှိ ဘုန်းကြီး ကျောင်းမှ ကျောင်းထိုင် ဆရာတော်ပင်လျှင် ၁၉၉၂ ခုနှစ် အချိန်မှရောက် ရှိလာပြီး စေတီတော်နှင့် ဘုန်းကြီးကျောင်းကို ထိုဆရာတော်က ဆက်လက် ထိန်းသိမ်းခဲ့ခြင်း ဖြစ်ပါသည်။
       ခိုလာသည် မြန်မာလော ပိုင်လင်းဒေသ၌ မြန်မာများ နေထိုင်ခဲ့သည်ဆိုသော အတိအကျ ပြောဆိုမှုများထက် ခိုလာ(Kolas) မျိုးနွယ်စုများ နေထိုင်ခဲ့ကြသည် ဟူသော အချက်အလက်များမှာမူ သမိုင်း အထောက်အထားများ ရှိခဲ့ပါသည်။ ခိုလာမျိုးနွယ်စုနှင့် ပတ်သက် သည့် စာပေ၊ ယဉ်ကျေးမှု၊ အကနှင့် ဂီတများမှာ ကမ္ဘောဒီးယား၌ အခိုင်အမာရှိနေခဲ့သည်။ ထိုသို့ ရှိခဲ့သော်လည်း ခိုလာစာပေ၊ ယဉ်ကျေးမှု၊ အ ကနှင့် ဂီတများမှာ မြန်မာဟန်ဟု အ တိအကျပြောနိုင်ရန်မှာ သုတေသနပိုင်း၌ လိုအပ်ချက်များ ရှိနေဆဲဖြစ် ပါသည်။  
     ပိုင်လင်းဒေသ နောက်ခံသမိုင်း နှင့်ပတ်သက်ပြီး ဂျပန် သုတေသန ပညာရှင် Kitagawa Takako က သုတေသန စာတမ်းတစ်စောင် ပြုစု ထားပါသည်။ ထိုစာတမ်းပါ အချက်အလက်များနှင့် အခြားသော အချက်အလက်များနှင့် သမိုင်းအထောက်အထားအချို့ကို ဖြည့်စွက်စဉ်းစားပါက ခိုလာနှင့်မြန်မာတို့၏ ဆက်နွှယ်မှုကို အကြမ်းဖျင်းတွေ့ရှိနိုင်မည် ဖြစ်ပါသည်။
ခိုလာနှင့် မြန်မာတို့၏ ဆက်စပ်မှု
         ၁၆ရာစုကာလ၌ ဒုတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သူ ဘုရင့်နောင်၏ ပိုင်နက် ဧရိယာမှာ မျက်မှောက်ခေတ် မြန်မာနိုင်ငံသာမက မဏိပူ ရနှင့် ထိုင်းနိုင်ငံဒေသအများစု ဖြစ်ပါသည်။ ထိုအချိန်က မြန်မာများ၏ ကုန်သွယ်မှုမှာ ထိုင်းနိုင်ငံတစ်ခုလုံးသာမက ကမ္ဘောဒီးယားနိုင်ငံအထိပါ ရောက်ရှိခဲ့ကြောင်း သိရပါသည်။
     ၁၈၂၄ခုနှစ်ပထမ အင်္ဂလိပ်- မြန်မာစစ် ဖြစ်ပွားချိန်၌ ထိုင်းနိုင်ငံ တွင် တတိယမြောက်ရာမဘုရင် စိုးစံ နေချိန်ဖြစ်ပါသည်။ ထိုအချိန်တွင် ဗမာ၊ တောင်သူ(ပအို့ဝ်)၊ ရှမ်းနှင့် ပဲခူး အန်းအစရှိသော လူမျိုးစုများ ပါဝင်သည့် ကုန်သည်အဖွဲ့မှာ လှည်းရာချီ ရှိသော လှည်းတန်းရှည်ဖြင့် ထိုင်းနိုင်ငံမြောက်ပိုင်းသို့ ကုန်စည်ကူးသန်း ရောင်းဝယ်ရေး ပြုလုပ်ခဲ့ကြပါသည်။ ထိုမျိုးနွယ်စုကို ခိုလာ (Kolas)သို့မဟုတ် ဂူလာ(Gulas)ဟု ခေါ်ဆိုခဲ့ပါသည်။ ၁၈၈၅ ခုနှစ်ကာ လများတွင် ကမ္ဘောဒီးယား အနောက်မြောက်ပိုင်းနှင့် အနောက်တောင်ပိုင်း ဒေသအချို့မှာ ထိုင်းနိုင်ငံ၏ လက်အောက်တွင် ရှိနေခဲ့ပါသည်။
      ၁၈၇၄ခုနှစ် အချိန်တွင် မောင်ခွန်ထီ(Maung Khunti) အမည် ရှိသော မြန်မာမုဆိုးတစ်ဦး ပိုင်လင်း ဒေသသို့ ရောက်ရှိလာခြင်း၊ မောင်ဝိဇ္ဇာ(Maung Visa) အမည်ရသူ တစ်ဦး ပိုင်လင်းဒေသသို့ ကျောက်တူးဖော်ရန် ရောက်ရှိလာခြင်း၊ ၁၈၇၇ ခုနှစ်တွင် မောင်ခွန်ထီမှာ ပိုင်လင်း နယ်၏ အုပ်ချုပ်သူ ဖြစ်လာခြင်း အစရှိသော အချက်များကို ဂျပန်သုတေသန ပညာရှင်၏ လေ့လာမှု စစ်တမ်း၌ ဖော်ပြထားခဲ့ပါသည်။ ပိုင်လင်းနှင့် ကမ္ဘောဒီးယားတို့၏အမြင် ပိုင်လင်းဒေသနှင့် ကမ္ဘောဒီးယားတို့၏ အမြင်တွင်လည်း ထူးခြားမှုများ ရှိနေခဲ့ပါသည်။ အထူးသဖြင့် ပိုင်လင်းနှင့် ခိုလာမျိုးနွယ်စုများ၏ အစဉ်အလာက ကမ္ဘောဒီးယား ရာဇ၀င်၌ အခိုင်အမာ ရှိနေခဲ့ပါသည်။       
       ပိုင်လင်းဒေသနှင့် ဆက်စပ်သော ဒ ဏ္ဍာရီများလည်း ရှိနေခဲ့ပါသည်။ ထို ဒဏ္ဍာရီများအနက် အထင်ရှားဆုံးမှာ အဘွားရပ်၏ ဇာတ်လမ်းဖြစ်သည်။ ထိုဇာတ်လမ်းမှာ ပိုင်လင်းဒေသ၌ တစ်ချိန်က သားကောင်ပေါများသည့် အတွက် မုဆိုးများနှစ်သက်ရာ ဒေသဖြစ်ခဲ့ကြောင်း၊ တောင်စောင့်နတ်ဒေ၀ါများက အဘွားရပ် ထံသို့ အကူအညီတောင်းပြီး သား ကောင်များကို မုဆိုးများမပစ်ခတ်ရန် တားမြစ်စေခဲ့ကြောင်း၊ အဘွား ရပ်မှ တားမြစ်ခဲ့ပြီး နောက်ဆုံးတွင် မုဆိုးများက ပိုင်လင်းဒေသကို ဘေးမဲ့ပေးခဲ့ကြောင်း၊ ထိုအချိန်နောက်ပိုင်း၌ ပိုင်လင်းဒေသတွင် ပတ္တမြား နှင့် နီလာကျောက်မြတ်ရတနာများ ထွက်ရှိခဲ့ကြောင်း၊ အဘွားရပ်ကို တိုင် တည် ကိုးကွယ်မှုများမှာ လက်ရှိအ ချိန်အထိရှိနေခဲ့ကြောင်း အစရှိသော ဒဏ္ဍာရီဇာတ်လမ်းဖြစ်ပါသည်။
          ထို့အပြင် ပိုင်လင်းဒေသနှင့် အောင်စူဠာမဏိစေတီ အကြောင်း ခမာဘာသာစကားဖြင့် ရေးသားခဲ့ သည့် Pailin Rose ကမ္ဘောဒီးယား၏ နာမည်ကျော်ဝတ္ထု ဖြစ်ပါသည်။ ၀တ္ထုဇာတ်လမ်း၏ အဆုံးပိုင်းတွင် ဇာတ်ကောင်တစ်ဦးဖြစ်သော အဘိုးအို ကွယ်လွန်ချိန်တွင် သူ၏ အရိုးပြာအိုးကို စေတီတော်၌ ထည့်သွင်းမြှုပ်နှံခဲ့သည်ဟု ရေးသားခဲ့သည်။ ကမ္ဘောဒီးယား၌ ပိုင်လင်းဒေသနှင့် တွဲဖက်သိရှိကြသည်မှာ ဒေသမှ ထွက်ရှိသော နီလာကျောက်မျက်များအကြောင်း ဖြစ်ပါသည်။ ယခု အချိန်အထိ ထွက်ရှိနေသော်လည်း ပိုင်လင်းကို ပိုပေါ့သိမ်းယူခဲ့ပြီး နီလာ ထွက်ရှိမှုမှာ လျော့ပါးသွားခဲ့ကြောင်း သိရပါသည်။
        အောင်စူဠာမဏီစေတီကို ပြုပြင်ခြင်း စတင်တွေ့ရှိချိန်က ပြိုကျပျက်စီးလုဖြစ်နေသော အောင်စူဋ္ဌာမဏိ စေတီကို ရှိရင်းစွဲပုံစံအတိုင်း ပြုပြင် မွမ်းမံကို ဦးပြုံးမောင်မောင်ကပင် ဦးဆောင်၍ ပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံမှာ တတ်သိပညာရှင်များ အပါအ၀င် ကမ္ဘောဒီးယား ယဉ်ကျေးမှုဝန် ကြီးဌာနနှင့်ပါ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပြီး စေတီတော်ပြုပြင်မှုများကို ပြုလုပ်ခဲ့ပါကြောင်း သိရ ပါသည်။ လက်ရှိအချိန်တွင်၌ ပြုပြင်မှု အပိုင်းမှာ ပြီးစီးသလောက် ရှိနေခဲ့ပြီး ယခုနှစ်နိုဝင်ဘာလ ၁၀ ရက် (တန် ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်) တွင် ထီးတော်တင်လှူမည်ဖြစ် ကြောင်း သိရပါသည်။

0 comments:

Post a Comment