Saturday, December 10, 2011

Android ဖုန်းများအတွက် Online/Offline အသုံးပြုနိုင်မည့် GPS Apps အား ထည့်သွင်းနိုင်ပြီ။

Android OS ဖုန်းများတွင် ထည့်သွင်းကာ Online စနစ်ရော၊ Offline စနစ်ပါ အသုံးပြုနိုင်သည့် Milliards-GPS ကို Android OS အသုံးပြုထားသည့် မည်သည့် ဖုန်းတွင်မဆို ထည့်သွင်း အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း အဆိုပါ Apps ကို ဖန်တီးခဲ့သူ တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ GPS စနစ်မှာ မြန်မာနိုင်ငံ တစ်ခုလုံးရှိ မြေပုံစနစ်ကို အသုံးပြုနိုင်ပြီး Google Maps ကို အခြေခံ ပြုလုပ်ထားခြင်းဖြစ်ကာ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာ စနစ်ဖြင့် အသုံးပြုနိုင်မှာ ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ "ကျွန်တော်တို့ အခု ထုတ်လိုက်တာကတော့ ဈေးကွက်မှာ တင်သုံးနိုင်ပြီး Error တွေ ကင်းရှင်းမှ ထုတ်လုပ် ရောင်းချတာပါ။ အဓိက အနေနဲ့ Online စနစ်မှာ Offline စနစ် နှစ်မျိုးစလုံး အသုံးပြုနိုင်ပါလိမ့်မယ်။ နောက် GPS ကို ဖွင့်ထားရင် Tracking ပြန်ကြည့်နိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဘယ်လို နေရာမျိုးမှာမဆို အသုံးပြုနိုင်ပါတယ်။ မြန်မာပြည်အနှံ ခရီးသွားတဲ့ ပြည်တွင်းက သူတွေအတွက် အဆင်ပြေသလို နိုင်ငံခြားသားတွေ အတွက်လည်း အဆင်ပြေပါတယ်။ ကိုယ်မသိသေးတဲ့ ဒေသတွေကို ရောက်ရင်လည်း Tracking စနစ်ကြောင့် လမ်းကြောင်းတွေကို မှတ်သားထားနိုင်လို့ ဘယ်အချိန် ပြန်ကြည့်ကြည့် လမ်းမမှားနိုင်တော့ပါဘူး။ လောလောဆယ်တော့ မြေပုံကို အင်္ဂလိပ် ဗားရှင်းတိုင်းပဲ ထားပေးထားပြီး Setting ပိုင်းမှာ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ပြောင်းလဲ ကြည့်ရှုနိုင်အောင် ပြုလုပ်ပေးထားပါတယ်" ဟု Milliards GPS ကို ထုတ်လုပ်ခဲ့သူ တစ်ဦးက ရှင်းပြခဲ့သည်။
Milliards-GPS Apps မှာ အခြားသော အခမဲ့ Software apps များထက် များစွာ သာလွန်မှုရှိကြောင်း၊ ထို့အပြင် တစ်ကြိမ် ဝယ်ယူထားပြီးပါက Lifetime နည်းပညာ အထောက်အပံ့ ပေးမှာဖြစ်ကာ Update ထွက်တိုင်း အခမဲ့ Upgrade ပြုလုပ်နိုင်မှာဖြစ်ကြောင်း သိရသည်။ ထို့အပြင် အွန်လိုင်းစနစ်ဖြင့် တိုက်ရိုက် ချိတ်ဆက်နိုင်ပါက 3D Map စနစ်ကိုပါ အသုံးပြုနိုင်မှာဖြစ်ကြောင်း သိရသည်။ Android OS ဗားရှင်းအားလုံးနှင့် အဆင်ပြေစွာ အသုံးပြုနိုင်ပြီး ဖုန်းမှ Tablet အထိ ထည့်သွင်း အသုံးပြုနိုင်ကြောင်းလည်း သိရသည်။
"လောလောဆယ်တော့ ဈေးကွက်မှာ ဖုန်းဆိုင်တွေမှာ ဝယ်ယူနိုင်အောင် ဖုန်းဆိုင်တွေနဲ့ ချိတ်ဆက်ထားပါတယ်။ လကုန်လောက်ဆိုရင် ရန်ကုန်မြို့က ဖုန်းဆိုင်တွေမှာ ဝယ်ယူ ထည့်သွင်းနိုင်တော့မှာပါ။ ဈေးနှုန်း အနေနဲ့ကတော့ ဖုန်းတစ်လုံးစီ အတွက် အတိအကျ မသတ်မှတ်နိုင်သေးပေမယ့် ၁ သောင်းနဲ့ ၁ သောင်း ၅ ထောင် ဝန်းကျင်လောက် ဖြစ်မယ် ထင်ပါတယ်။ www.milliards-GPS.com မှာလည်း APK နဲ့ မြေပုံတွေကို download ပြုလုပ်နိုင်ပေမယ့် key ကို ရယူနိုင်မှသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဖုန်းတစ်လုံးချင်းစီအတွက် Key တစ်ခုစီ ထုတ်ပေးထားတာမို့ အခြားဖုန်းတွေထဲကို ထည့်သွင်းနိုင်မှာတော့ မဟုတ်ပါဘူး။" ယခု Milliards-GPS ကို ထုတ်လုပ်ခဲ့သူ တစ်ဦးမှ ပြောကြားသည်။ ဆက်လက်၍ Android OS အတွက် အသုံးဝင်သော Apps များအပြင် iPhone များအတွက် Offline GPS ကိုပါ ထုတ်လုပ်နိုင်ရန် အတွက် စမ်းသပ်လျက်ရှိပြီး မကြာမီ ဈေးကွက်တွင် ရောင်းချသွားနိုင်ရန် အတွက် စီစဉ်လျက်ရှိကြောင်း ထပ်မံ သိရှိရသည်။

0 comments:

Post a Comment