Saturday, December 10, 2011

ထိုင်းဝန်ကြီးချုပ် ယင်းလတ်၏ Facebook အဖွဲ့ အလုပ်ဖြုတ်ခံရ


ထိုင်းဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်က သူ၏ Facebook ကို တာဝန်ယူသည့် အလုပ်အဖွဲ့အား အလုပ်ဖြုတ်လိုက်သည်။တနင်္လာနေ့ကကျရောက်သည့် ထိုင်းဘုရင်မင်းမြတ်၏မွေးနေ့အတွက် မွေးနေ့ဆုတောင်းစကားနှင့် ဓာတ်ပုံတို့ကို Facebook တွင် ဖော်ပြစဉ်က ယခင် ဘုရင် Ananda ၏ ပုံကို မှားယွင်း ဖော်ပြခဲ့မိသဖြင့် အလုပ်ဖြုတ်လိုက်ခြင်း ဖြစ်သည်ဟု Bangkok Post သတင်းစာ အွန်လိုင်းတွင် ရေးထားသည်။
ဝန်ကြီးချုပ်၏ ပြောခွင့်ရ အမျိုးသမီး Thitima Chaisang ကလည်း Facebook အဖွဲ့ကို အလုပ်ဖြုတ်ပြီးဖြစ်ကြောင်း၊ ၀န်ကြီးချုပ်၏ မှားယွင်းမှု မဟုတ်သဖြင့် ဝေဖန်ပြောဆိုမှုများ ရပ်ဆိုင်းသင့်ပြီ ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု The Nation သတင်းစာ အွန်လိုင်းတွင် ရေးထားသည်။
မှားယွင်းမှုအတွက် ခွင့်လွတ်ပေးရန် ၀န်ကြီးချုပ်က ဘုရင့်နန်းတော်သို့ ပန်ကြားခဲ့ကြောင်း တနင်္လာနေ့ထုတ် The Nation သတင်းစာတွင် ရေးသားထားသည်။
ယခု ၀န်ကြီးချုပ်၏ Facebook တွင် ထိုမှားယွင်းဖော်ပြမှုကို မတွေ့ရတော့ပေ။
Facebook အသုံးပြုသူများက ဓာတ်ပုံများကို ဦးစားပေး ဖော်ပြကြသကဲ့သို့ ၀န်ကြီးချုပ်၏ Facebook တွင်လည်း ဓာတ်ပုံများ အဓိက ဖော်ပြသည်ကို တွေ့ရသည်။
Facebook အလုပ်အဖွဲ့သစ်က နောက်ဆုံး တင်ထားသော ဓာတ်ပုံများတွင် ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီသီရိဒုံနှင့်အတူ တော်ဝင်အခမ်းအနားတခုတွင် ရိုက်ကူးထားသော ပုံများ ပါဝင်သည်။
ဗုဒ္ဒဟူးနေ့ ည ၁၁း၃၀ အချိန်တွင် တင်ထားသော ပုံများ ဖြစ်သည်။
မြန်မာနိုင်ငံသို့ မကြာသေးမီ သွားရောက်စဉ် ရိုက်ကူးခဲ့သည့် ခရီးစဉ် မှတ်တမ်း ဓာတ်ပုံများကို ဘန်ကောက်ပြန်ရောက်ပြီး နာရီပိုင်းအတွင်းမှာပင် ၀န်ကြီးချုပ်၏ Facebook တွင် တင်ထားကြောင်း တွေ့ခဲ့ရသည်။
ဝန်ကြီးချုပ်သည် ယနေ့ စင်္ကာပူသို့ ချစ်ကြည်ရေးခရီး တရက်ကြာ သွားရောက်မည်ဖြစ်သည်။





0 comments:

Post a Comment