Monday, December 26, 2011

အိမ်နီချင်းနိုင်ငံများအကြောင်း လူငယ်များလေ့လာကြစေချင်

ကျွန်တော်တို့ နိုင်ငံကို အုပ်ချုပ်သွားတဲ့ ၃ နှစ်တာ ကာလအတွင်း ပြည်သူတွေကို ဘယ်လောက် ဗိုလ်ကျ အနိုင်ကျင့် သွားခဲ့ကြတယ်။ ဘယ်လိုနိုပ်စက် ညှဉ်းပန်း သွားခဲ့ကြတယ် ဆိုတာတွေကို သားစဉ် မြေးဆက် ပြောခဲ့ကြလို့ ကျွန်တော်တို့ သားသမီးတွေ လောက်အထိ ကြားဖူးနားဝ ရှိကြပေမယ့် မြေးတွေ လောက်ကျတော့ မသိကြ တော့ဘူးဗျ။ အဲဒါကြောင့် ဆရာမကြီး ဒေါ်ခင်မျိုးချစ် ရေးခဲ့တဲ့ ဂျပန်ခေတ်မှာ သုံးနှစ်တာ (Three Years unders the Japs) ကို မြေးဖြစ်သူ ဂျူနီယာဝင်းက မြန်မာပြန်တော့ ကျွန်တော် ကပထမ အတွေးအမြင် စာစောင်မှာ ထည့်တယ်။ နောက် လုံးချင်း စာအုပ်ကလေး ထုတ်ပေးခဲ့ပါတယ်။

အဲဒီ စာအုပ် ကလေးကို ဖတ်မိတဲ့ အသက် ၂၀ တစ်ဝိုက် လူငယ်တချို့က အဲဒါတွေဟာ တကယ် ဖြစ်ခဲ့တာ တွေလားလို့ ကျွန်တော်ကို မေးတယ်ဗျာ။ ကျွန်တော်က 'အဲဒီထဲမှာ ပါတာတွေထက် ပိုဆိုးတဲ့ အဖြစ်တွေ အများကြီး' ဆိုပြီး ဆရာ လင်းယုန် သစ်လွင်ရဲ့ သေမင်းတမန် မီးရထားလမ်း စာအုပ်ကို ပေးဖတ်တယ်။ ဆရာမောင်ထင်ရဲ့ ငဘ ကို ပေးဖတ်ပါတယ်။ ဖတ်ပြီးသွားတဲ့ ကလေးတွေဟာ ကျွန်တော့်ကို စာအုပ် လာပြန် အပ်တော့ မျက်စိမျက်နှာတွေ ပျက်နေကြတယ်။ 'သားတို့သမီးတို့ ဘဝမှာတော့ အဲသလို ခေတ်မျိုး တစ်ကျော့ ပြန်မလာ နိုင်တော့ ပါဘူးနော'် လို့ အားကိုးတကြီး မေးပါတယ်။ ကျွန်တော်က 'အဲဒါတော့ သားတို့ သမီးတို့ အပေါ် တည်တာပဲ 'လို့ ပြန်ဖြေလိုက်ပါတယ်။

သတင်းစာနဲ့ ရေဒီယို

ဒီဆောင်းပါးမှာ ကျွန်တော် ဆွေးနွေးချင်တာက မြန်မာပြည်သူတွေကို ငြိမ်းခြောက် ဖိနှိပ် အုပ်ချုပ်ရာမှာ ဂျပန်တွေ အသုံးပြုခဲ့တဲ့ နည်းလမ်းတစ်ခု အကြောင်း ဖြစ်တယ်ဗျ။ အဲဒါကတော့ ပြည်သူတွေကို ကမ္ဘာကြီးနဲ့ အဆက်ဖြတ် ထားတဲ့ နည်းလမ်း ဖြစ်တယ်ဗျာ။ အဲဒီတုန်းက အတွင်ကျယ်ဆုံး လူထု ဆက်သွယ်ရေး မီဒီယာဖြစ်တဲ့ သတင်းစာ နဲ့ ရေဒီယိုကို ဖက်ဆစ်ဂျပန် အာဏာပိုင်တွေက တင်းတင်းကျပ်ကျပ် ချုပ်ကိုင် ထားခဲ့တယ်။ နိုင်ငံခြားသတင်း ဆိုရင်လည်း ကမ္ဘာတစ်လွှားက စစ်မြေပြင် တွေမှာ ဝင်ရှိးတန်း နိုင်ငံများအဖွဲ့ (ဂျာမနီ၊ ဂျပန်၊ အီတလီ)က အနိုင်ရ နေတယ်ဆိုတဲ့ သတင်းတွေကိုသာ ထည့်သွင်း ဖော်ပြစေခဲ့တယ်ဗျ။

သိစေချင်တာပဲ သိရမယ်

အဲသလိုလုပ်တာ ရည်ရွယ်ချက်ကတော့ သူတို့ ဂျပန်ပြည်သူတွေ အပါအဝင် သူတို့ သိမ်းပိုက် အုပ်ချုပ်ထားတဲ့ နိုင်ငံတွေက ပြည်သူတွေဟာ ကမ္ဘာကြီးမှာ အမှန်တကယ် ဘာတွေဖြစ်နေတယ် ဆိုတာတွေကို မသိဘဲ သူတို့ သိစေချင်တာ တွေကိုသာ သိနေကြခြင်းဖြင့် သူတို့အပေါ် အထင်ကြီး လေးစားနေအောင်။ အဲသလိုမှ မဟုတ်ရင်တောင် 'ကြောက်ရွံ့ ခံညား နေအောင် အဲဒီ ကမှတစ်ဆင့် အဲဒီနိုင်ငံတွေကို နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်ဖို့' ဖြစ်တယ်ဗျ။

ဂျာနယ်ကျော် ဦးချစ်မောင်

ဒါကြောင့်လည်း အဲဒီအချိန် တုန်းက ကမ္ဘာမှာ အမှန်တကယ် ဘာတွေ ဖြစ်ပျက်နေတယ် ဆိုတဲ့ သတင်းတွေ ရရာ ရကြောင်း တစ်ခုတည်းသာ အရင်းအမြစ်ဖြစ်တဲ့ လှိုင်းတို ရေဒီယိုတွေကို ဂျပန် ဖက်ဆစ်တွေက အကြီးအကျယ် ပြဿနာ ရှာခဲ့ကြတာ ဖြစ်တယ်ဗျာ။ ရေဒီယို မပြောနဲ့ ရေဒီယိုထဲမှာ ထည့်သွင်း အသုံးပြုရတဲ့ ဓာတ်ခဲ တစ်လုံး တွေ့ရင်တောင် အရက်စက်ဆုံး နည်းလမ်းတွေနဲ့ နှိပ်စက်ညှဉ်းပန်း၊ စစ်ဆေးပြီး သူတို့ လိုချင်တဲ့ အဖြေ မရရင် သတ်ပစ်တဲ့ အထိ လုပ်ခဲ့ ကြတာတွေကို ဂျပန်ခေတ်မှာ မှတ်တမ်းတွေထဲမှာ ကျွန်တော်တို့ ဖတ်ရှု ခဲ့ရတယ်ဗျာ။

အဲဒီလောက် အန္တရာယ် ကြီးမားတဲ့ အချိန်မျိုးမှာ သတင်းစာ ဆရာကြီး ဂျာနယ်ကျော် ဦးချစ်မောင်ဟာ ဗိုလ်ချုပ် အောင်ဆန်းနဲ့ ဖက်ဆစ် တော်လှန်ရေး ခေါင်းဆောင်တွေ နိုင်ငံတကာ စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေ နေ့စဉ်မပြတ် သိနေအောင် ရေဒီယိုလေး တစ်လုံးနဲ့ သက်စွန့် ဆံဖျား အလုပ်လုပ်ပြီး သတင်းတွေ စုဆောင်း မှတ်သားကာ တော်လှန်ရေး ခေါင်းဆောင်တွေဆီ ပို့ပေးခဲ့ပါတယ်။

ဒီအကြောင်းနဲ့ ဆက်စပ်နေတဲ့ ကိစ္စလေး တစ်ခုအကြောင်း ကြုံတုန်း တင်ပြချင်တယ်ဗျ။ မြန်မာ့နိုင်ငံရေး သမိုင်းကို စိတ်ဝင်တစား လေ့လာ ခဲ့ကြသူ အများစုကတော့ သိပြီးသား ဖြစ်မှာပါ။

ဖက်ဆစ် တော်လှန်ရေးပြီးတော့ ဖဆပလ ဗဟိုဦးစီး အဖွဲ့ကို တိုးချဲ့ ဖွဲ့စည်းတဲ့အခါ ဗိုလ်ချုပ် အောင်ဆန်းက ဂျာနယ်ကျော် ဦးချစ်မောင်ကို အမည်စာရင်း တင်သွင်းတယ်။ ကွန်မြူနစ် ခေါင်းဆောင် တစ်ယောက်က ဦးချစ်မောင်ဟာ ဂျပန် တော်လှန်ရေး အတွင်း ဘာမှ ဝင်မလုပ်ဘဲ ဘာကြောင့် ထည့်ရမှာ လဲလို့ မေးတယ်။ အဲဒီတော့ အတွင်းသိ တစ်ယောက်က ခင်ဗျား တော်လှန်ရေးကာလ တစ်လျှောက်လုံး ဖတ်ခဲ့ရတဲ့ နိုင်ငံတကာ သတင်းတွေ ဘယ်ကရတယ် ထင်သလဲလို့ ပြန်မေး လိုက်ပါသတဲ့။ အဲဒီမှာတင် အဲဒီပုဂ္ဂိုလ် သဘောပေါက် သွားပြီး ဦးချစ်မောင်ကိစ္စကို ကျေကျေနပ်နပ် သဘောတူ လက်ခံ လိုက်တယ်လို့ ဆိုတယ်ဗျ။ (၂၀၁၂ ဇန်နဝါရီ ၁ ရက်ဟာ ဂျာနယ်ကျော် ဦးချစ်မောင် ရာပြည့် အထိမ်းအမှတ် ဖြစ်ပါတယ်)

ပဒေသရာဇ်ခေတ် အားနည်းချက်

အားလုံး သိကြတဲ့အတိုင်း ကျွန်တော်တို့ နိုင်ငံရဲ့ ပဒေသရာဇ်ခေတ် နောက်ဆုံး အာဏာပိုင် များဟာ နိုင်ငံတကာ ဗဟုသုတ အင်မတန် နည်းပါးခဲ့ ကြသူတွေ ဖြစ်တယ်ဗျ။ မြန်မာနိုင်ငံ တိုင်းတစ်ပါးလက်အောက် ကျရောက် သွားခဲ့ရတဲ့ ကိစ္စမှာ အဲဒီ အားနည်းချက်ဟာ အဓိကလို့ မဆိုနိုင်ဘူး ဆိုရင်တောင် အဲဒီ အားနည်းချက်က အင်မတန် အရေးပါတဲ့ ကဏ္ဍက ပါဝင်လှုပ်ရှား ခဲ့တယ်လို့ ဆိုရမှာ ဖြစ်တယ်ဗျာ။

အဲဒီအချက်ကို ဆန်းစစ် သုံးသပ်တွေ့ရှိ ခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ မျိုးဆက်က ခေါင်းဆောင်တွေဟာ ကမ္ဘာ့အရေး အရာတွေကို မျက်ခြည်မပြတ် လေ့လာပြီး အချိန်ကိုက် လှုပ်ရှား နိုင်ခဲ့ကြ လို့လည်း သူတို့ခေတ်မှာ တော်လှန်ရေး အဆက်ဆက် အောင်မြင်ရုံမက အမျိုးသား လွတ်မြောက်ရေး အောင်ပွဲကြီးကို ရရှိခဲ့တာ ဖြစ်တယ်ဗျ။

လူငယ်တွေအတွက် လိုအပ်ချက်

လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်ကျော် ဗိုလ်ချုပ် အောင်ဆန်းတို့ ခေတ်ကတောင် မိမိတို့ နိုင်ငံကို ပြောင်းလဲ တိုးတက် စေလိုတဲ့ ဆန္ဒပြင်းပြတဲ့ မျိုးချစ်ပြည်ချစ် ပုဂ္ဂိုလ်တွေဟာ ကမ္ဘာ့ရေးရာတွေကို မျက်ခြည်မပြတ် လေ့လာ သိရှိနေဖို့ လိုအပ်တယ် ဆိုရင် ဒီကနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်နေတာတွေက နိုင်ငံ တစ်နိုင်ငံချင်း အပေါ် အရင် ဘယ်တုန်းကမှနဲ့ မတူအောင် ကြီးစွာသက်ရောက် လွှမ်းမိုးနေတဲ့ ကာလမှာ ကျွန်တော်တို့ နိုင်ငံကို ငြိမ်းချမ်း လွတ်လပ် ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတစ်ခု ဖြစ်စေချင်တဲ့ ဆန္ဒပြင်းပြ ထက်သန်သူတွေ အထူးသဖြင့် အဲသလို ဆန္ဒရှိတဲ့ လူငယ်တွေအဖို့ နိုင်ငံတကာ ရေးရာများကို ထဲထဲဝင်ဝင် နက်နက်ရှိုင်းရှိုင်း သိရှိသဘောပေါက် နားလည် ထားကြဖို့ ဆိုတာ မရှိမဖြစ်တဲ့ လိုအပ်ချက်တစ်ခု ဖြစ်တယ်ဗျ။ အထူးသဖြင့် အိန္ဒိယနဲ့ တရုတ်တည်း ဟူသော လူဦးရေ သန်း ၁၀၀၀ ကျော်စီ ရှိနေတဲ့ နိုင်ငံကြီး နှစ်ခုကြားမှာ တည်ရှိနေတဲ့ မြန်မာနိုင်ငံက လူငယ် တွေဟာ အိမ်နီးချင်းနိုင်ငံတွေ အကြောင်းကို အလေးအနက်ထား လေ့လာထားကြဖို့ လိုတယ်ဗျာ။ အမှုမဲ့ အမှတ်မဲ့ မနေသင့်တော့တာ အမှန်ပဲဗျ။

အင်တာနက်မှာ ရှာဖွေပါ

ဒီကနေ့ အင်တာနက် ခေတ်မှာ နိုင်ငံတကာ ရေးရာများကို လေ့လာ မှတ်သားလိုတဲ့ လူငယ်တွေ အတွက် အခွင့် အလမ်းက ဗိုလ်ချုပ်တို့ ခေတ်ကနဲ့ ဘာမျှမဆိုင် လောက်အောင် တိုးတက်များပြား နေပြီဗျာ။ အထူးသဖြင့် အင်္ဂလိပ်စာကို ကျွမ်းကျွမ်း ကျင်ကျင် တက်မြောက်ထားတဲ့ လူငယ်တွေအတွက် အဲဒီလို အခွင့်အလမ်း တွေက အဆုံးမရှိ ပွင့်နေတယ်ဗျာ။ ဂျပန်ခေတ်တုန်းက ဂျပန်တွေ ပိတ်ဆို့ ထားသမျှ ခံခဲ့ရတဲ့ ခေတ်မျိုး မဟုတ်တော့ ပါဘူး။ ဒီတော့ အနာဂတ်မှာ တိုင်းပြည် ခေါင်းဆောင်တွေ မလွဲမသွေ ဖြစ်လာကြမှာဖြစ်တဲ့ မျိုးချစ်ပြည်ချစ် လူငယ်တွေ 'အကြားအမြင် ဗဟုသုတ များပြား ခြင်းသည် မင်္ဂလာမည်၏' ဆိုတဲ့စကားကို မပြတ် နှလုံးသွင်းရင်း နိုင်ငံတကာ ရေးရာများ အထူးအားဖြင့် အိမ်နီးချင်း နိုင်ငံများ အကြောင်းနဲ့ သူတို့ရဲ့ အပြုအမှုများ အကြောင်းကို အခုကတည်းက စူးစူးနစ်နစ် နက်နက်ရှိုင်းရှိုင်း ဖတ်ရှု နားထောင် လေ့လာမှတ်သား ကြဖို့ တိုက်တွန်းလိုက် ရကြောင်းပါဗျာ။

0 comments:

Post a Comment