Thursday, December 22, 2011

ဆော်ဒီအာရေဗျနိုင်ငံသို့ မြန်မာအလုပ်သမားများ ထွက်ခွာခွင့် တရားဝင်ယာယီဆိုင်းငံ့


ဆော်ဒီအာရေဗျနိုင်ငံသို့ မြန်မာအလုပ်သမားများ ထွက်ခွာခွင့်ကို ‘ဒီဇင်ဘာလမှ စတင်ကာ တရားဝင် ယာယီဆိုင်းငံ့ထားကြောင်း အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန်က အလုပ်အကိုင်အခွင့် အ လမ်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် မီဒီယာများသို့ ပြောကြားခဲ့သည်။ဆော်ဒီအာရေဗျနိုင်ငံသည် မြန်မာ့ယဉ်ကျေးမှု၊ ရာသီဥတု ကွဲပြားခြားနားမှုများအပြင် ဆော်ဒီအာရေဗျနိုင်ငံ အလုပ်သမားဝန်ဆောင်မှုပေးနေသည့် အေဂျင်စီများ၏ အလုပ်သမားများအပေါ် အပြည့်အ၀ တာဝန်ယူမှု မရှိခြင်းတို့ကြောင့် ယခုကဲ့သို့ အလုပ်သမား ထွက်ခွာခွင့်ကို တရားဝင် ယာယီဆိုင်းငံ့ပိတ်ပင်ထားရခြင်းဖြစ်ကြောင်း ၎င်းက ဆိုခဲ့သည်။ ထို့ပြင် ရန်ကုန်ရှိ အချို့သော အေးဂျင့်များမှ နယ်မြို့များသို့ သွားရောက်ကာ လုပ်သားစုဆောင်းမှုများရှိပြီး နိုင်ငံခြားသို့ ထွက်ခွာနိုင်ရန် မက်လုံးပေး ဆွဲဆောင်မှုများ ပြုလုပ်လျက်ရှိနေရာ ထိုသူများကိုလည်း အရေးယူလုပ်ဆောင်မှုများ ပြုလုပ်လျက်ရှိနေသည်ဟု သိရသည်။
ယခုကဲ့သို့ အဓိကဖြစ်ရသည်မှာ တစ်ဘက်နိုင်ငံမှ အလုပ်ရှင်များက အလုပ်သမားခေါ်ယူရာတွင် ကြားခံပွဲစားများနှင့် ချိတ်ဆက်ကာ ခေါ်ယူပြီး အဆိုပါပွဲစားများက ၀န်ဆောင်ခကို သတ်မှတ်သည်ထက် ပိုမိုတောင်းခံခြင်း အပြင် ယင်းနိုင်ငံသို့ရောက်ရှိပြီးမှ ရရှိထားသော အလုပ်အကိုင်နှင့် လက်တွေ့လုပ်ငန်းခွင်တွင် ကွဲပြားခြားနားမှုများ ရှိလာသည့်အတွက် အလုပ်သမားများမှာ မလုပ်နိုင်တော့ခြင်းများ ရှိခဲ့ကြောင်း သိရသည်။''အဓိကက ဟိုဘက်က အလုပ်သမားခေါ်တဲ့အခါ အလုပ်သမားရဲ့ လေယာဉ်စရိတ်ကို အလုပ်ရှင်ဘက်က ကျခံပေးတယ်။ အဲဒါကို အေးဂျင့်က ဖုံးကွယ်ထားပြီး သူတို့ကျခံပေးခဲ့ရ တဲ့ပုံစံလုပ်ပြီး အလုပ်သမားဆီက ပိုက်ဆံတောင်းတယ်။ တစ်ကယ်တမ်း ဟိုဘက်ရောက်တော့ ရတဲ့အလုပ်မှာ မလုပ်နိုင်လို့ထွက်ချင်တော့ အလုပ်ရှင်က လေယာဉ်တစ်ကြောင်း သူတို့ကုန်ကျထားတဲ့ငွေ ပြန်လျော်ပေးရင် ထွက်ခွင့်ပေးမယ် ပြောတယ်။ အဲဒီတော့မှ အလုပ်သမားက အေးဂျင့်လိမ်ပြီး ငွေပိုတောင်းထားမှန်း သိရတယ်။ အဲဒီဖြစ်စဉ်တွေများလာပြီး တိုင်တန်းတာတွေ ဖြစ်လာတော့တာပဲ'' ဟု ညွှန် ကြားရေးမှူးချုပ် ဦးချစ်ရှိန်က ပြောပြခဲ့သည်။
၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလက ဆော်ဒီအာရေဗျနိုင်ငံသို့ ထွက်ခွာခဲ့သူ မြန်မာလူငယ် ၂၆ ဦးမှာ ထိုနိုင်ငံသို့ ရောက်ရှိပြီးမှ အဆင်မပြေမှုများစွာ ကြုံခဲ့ရကာ ဆော်ဒီအာရေဗျနိုင်ငံရှိ မြန်မာသံရုံးအပြင် မြန်မာနိုင်ငံရှိ အလုပ်သမားရေးရာဝန်ကြီးဌာနသို့ လိပ်မူကာ ၎င်းတို့ ဖြစ်စဉ်အသေးစိတ်အား အကူအညီတောင်း ပြောကြားခဲ့သည့်ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း ၎င်းတို့ ၂၆ ဦးထဲမှ ကာယကံရှင် ဖခင်နှင့်ဆွေမျိုးတော်စပ်သူများက ပြန်လည်ပြောပြခဲ့ကြသည်။
ယခုအခါ မြန်မာအလုပ်သမားအများစု ထွက်ခွာအလုပ်လုပ်ကြသည့် နိုင်ငံများမှာ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ အာရပ်စော်ဘွားများနိုင်ငံ၊ တောင်ကိုရီးယားတို့ ဖြစ်ကြကာ နိုင်ငံပေါ်လိုက်ကာ ဂျီတူဂျီစနစ်ဖြင့် သွားခြင်း၊ အေဂျင်စီများဖြင့် ဆက်သွယ်သွားရောက်ခြင်းများဖြင့် ပုံစံမျိုးစုံ ရှိကြကာ ၀န်ဆောင်ခ နှုန်းထားများမှာ ကွာခြားကြကြောင်း သိရသည်။

0 comments:

Post a Comment