Thursday, December 22, 2011

ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့် ဂျပန်နိုင်ငံများသို့ မြန်မာအမျိုးသမီးများအား တရားဝင်သွားရောက် အလုပ် လုပ်ကိုင်ခွင့်ပြုပြီဖြစ်ကြောင်း သိရ


ပြည်ပနိုင်ငံများသို့ အလုပ်သမားများအား တရားဝင်စေလွှတ်မှုတွင် ယခင်က အမျိုးသားများကိုသာ ခွင့်ပြုမှုရှိခဲ့သော်လည်း ယခုအခါတွင် ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့် ဂျပန်နိုင်ငံများသို့ မြန်မာအမျိုးသမီးများအား တရားဝင် သွားရောက် အလုပ် လုပ်ကိုင်ခွင့်ပြုပြီဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန၊ အလုပ် သမားညွှန်ကြားရေး ဦးစီးဌာနမှ တရားဝင်ထုတ်ပြန်ချက်အရ သိရှိရပါသည်။အဆိုပါနိုင်ငံများသို့ အမျိုးသမီးများအား တရားဝင်သွားရောက် အလုပ် လုပ်ကိုင်ခွင့်အား အလုပ်အကိုင်ကြီးကြပ်ရေး ကော်မတီက ပြည်ပ အလုပ်အကိုင် အခွင့်အလမ်းများတွင် အလုပ်လုပ်ကိုင်လိုသော အမျိုးသမီးများ အခွင့်အရေးမဆုံးရှုံးစေရန်အတွက် ရည်ရွယ်၍ ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၉ ရက်နေ့က မူဝါဒတစ်ရပ်ချမှတ်ကာ ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ထိုသို့ခွင့်ပြုရာတွင်လည်း ၎င်းတို့ချမှတ်ထားသည့် မူဝါဒအရ အလုပ်သမားငါးဦး နှင့်အထက်ရှိသည့် ပြည်ပအလုပ်အကိုင်စက်ရုံ၊ အလုပ်ရုံနှင့်အလုပ်ဌာနများတွင်သာ သွားရောက်လုပ်ကိုင်ရန်ခွင့်ပြုကာ အိမ်ဖော်၊ ဖျော်ဖြေရေးနှင့် သန့်ရှင်းရေးအလုပ်များ၌ လုပ်ကိုင်ခွင့်ပြုမည် မဟုတ်ကြောင်း သိရှိရပါသည်။
''မြန်မာအမျိုးသမီးတွေကို ပြည်ပနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ပြုလိုက်ပြီဖြစ်တဲ့အတွက် သက်ဆိုင်တဲ့နိုင်ငံရဲ့ အလုပ်သမားဥပဒေ၊ ဘာသာစကားနဲ့ ယဉ်ကျေးမှုဓလေ့တွေကို နားလည်သဘောပေါက်ဖို့ အရေးကြီးပါတယ်။ ပြီးတော့ သက်ဆိုင်တဲ့နိုင်ငံရဲ့ အလုပ်သမားဥပဒေအရ ရရှိခံစားနိုင်စေဖို့၊ သွားရောက် အလုပ်လုပ်မယ့် မြန်မာအမျိုးသမီးတွေဟာ လက်ခံတဲ့နိုင်ငံဘက်က ကမ်းလှမ်းလာတဲ့ အလုပ်ခေါ်စာကို နားလည်ဖို့ လိုပါတယ်။ အလုပ်ရှင်နဲ့ အလုပ်သမားနှစ်ဦး သဘောတူချုပ်ဆိုတဲ့ စာချုပ်(Employment Contract)ကိုလည်း အသေးစိတ် နားလည်သဘောပေါက် လက်ခံနိုင်မှ အလုပ်လုပ်ကိုင်ဖို့အတွက် လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆို သင့်ပါတယ်''ဟု အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန်က ရှင်းပြပါသည်။ထို့အပြင် မြန်မာအမျိုးသမီးများသည် ပြည်ပသို့ တရားဝင်သွားရောက်အလုပ်လုပ်ပါက အလုပ်ရှင်နှင့် နှစ်ဖက် လက်ခံသဘောတူချုပ်ဆိုထားသည့် လုပ်ငန်းပိုင်းဆိုင်ရာ စာချုပ်အား စာချုပ်မိတ္တူတစ်စောင်ရယူထားရန် လိုအပ်ပြီး ယင်းစာချုပ်အား အလုပ်သမားဘက်မှ ချိုးဖောက်ခြင်းမပြုရန် လိုအပ်သကဲ့သို့ အလုပ်ရှင်မှ ယင်းစာချုပ်အား ချိုးဖောက်ပါကလည်း မြန်မာအလုပ်သမားဝန်ကြီးဌာန၊ သက်ဆိုင်ရာမြန်မာသံရုံးနှင့် Labour Attaches အလုပ်သမား အရာရှိတို့ထံ တိုင်ကြားပါက အပြည့်အ၀ အကာအကွယ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment