Thursday, October 27, 2011

ရင်သားကင်ဆာအကြောင်းသိကောင်းစရာ ( ၂ )

ရင်သားကင်ဆာဟာ အမျိုးသမီးတွေကို သားအိမ်ခေါင်းကင်ဆာပြီးရင် ဒုက္ခအပေးဆုံး ကင်ဆာတစ်မျိုးဖြစ်ပါတယ်။ ရင်သားကင်ဆာနဲ့ ပတ်သက်ပြီး မြန်မာအမျိုးသမီးအများစုဟာ အရှက်အကြောက်ကြီးမားတဲ့အတွက် ရင်သားမှာ အလုံးအကျိတ်တွေ တွေ့ရင် ဆေးရုံဆေးခန်းကို သွားရောက်ပြသရမှာကို တွန့်ဆုတ်လေ့ရှိကြတယ်။ ရင်သားနဲ့ ပတ်သက်ပြီးလည်း တော်ရုံတန်ရုံ မေးမြန်းလေ့မရှိဘူး။ ရင်သားကင်ဆာနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ အမှတ်မှားနေတာလေးတွေ မြန်မာလူထုထဲမှာ တော်တော်ရှိပါတယ်။ အမှတ်မှားတဲ့နေရာမှာ အထက်တန်းအောင်မြင်ပြီးတဲ့ အမျိုးသမီးတွေနဲ့ ပြီးဆုံးအောင် မသင်ဘူးတဲ့ အမျိုးသမီးတွေ သိပ်ပြီး မကွာတာကို တွေ့ရတယ်။ အဲဒါကြောင့် ရင်သားကင်ဆာနဲ့ ပတ်သက်ပြီး အမှတ်မှားနေတာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အချို့အတွက်လည်း သိပြီးသား ဖြစ်ပါလိမ့်မယ်။

 
၁။ ရင်သားကင်ဆာသည် ရင်သားကင်ဆာမျိုးရိုး ရှိသူများတွင် သာ ဖြစ်နိုင်သည်။
ရင်သားကင်ဆာဝေဒနာသည်တွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ဒီရောဂါနဲ့ ပတ်သက်ပြီး မျိုးရိုး လိုက်တာမျိုး မရှိပါဘူး။ ရင်သားကင်ဆာ မျိုးရိုးလိုက်တယ်ဆိုတာက ကိုယ်ရဲ့ သွေးချင်း ညီအစ်မ အမေ သမီးတို့တွင် ရင်သားကင်ဆာ ဖြစ်ပွားဖူးခြင်းကို ခေါ်သည်။ ထိုသို့ရှိပါက ကိုယ့်ထံတွင် ရင်သားကင်ဆာဖြစ်ပွားနိုင်ချေ ၂ ဆ တိုးလာပါသည်။

 

၂။ ရင်သားတွင် ဖြစ်ပေါ်သော အလုံးအကျိတ် အများစုသည် ကင်ဆာဖြစ်သည်။
အမျိုးသမီးတို့၏ ရင်သားတွင် ဖြစ်ပေါ်သော အလုံးအကျိတ် စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်း ခန့်သည် ကင်ဆာမဟုတ်သော ရေအိတ်များ နှင့် သာမန်အကျိတ်များ ဖြစ်တတ်ပါသည်။ ဆရာဝန်တွေက ရင်သားမှာ အလုံးအကျိတ်ကို သတိထားမိတာနဲ့ ဆေးရုံဆေးခန်းကို လာရောက်ပြသဖို့ မှာကြားလေ့ရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ စောစော သိရပါက ကုသနိုင်သောကြောင့် ဖြစ်ပါတယ်။ သင်၏ ဆရာဝန်က ရင်သားဓာတ်မှန် (mammogram)၊ ultrasound ဒါမှ မဟုတ် အသားစ နမူနာယူဖို့ အကြံပေးပါလိမ့်မယ်။

 

၃။ ရင်သားတွင် silicone implant (ရင်သားအတုများ) ထည့်သွင်းထားပါက ကင်ဆာ ပိုမို ဖြစ်ပွားနိုင်ပါသည်။
အရင်တုန်းက ဆရာဝန်တွေကိုယ်တိုင် ရင်သားအတုထည့်သွင်းထားတဲ့အမျိုး သမီးတွေမှာ ရင်သားကင်ဆာပိုမို ဖြစ်ပွားနိုင်တယ်လို့ ယုံကြည်ခဲ့ကြတယ်။ အခုတော့ အဲဒီအဆိုကို လက်မခံတော့ပါဘူး။ ဆီလီကွန် ထည့်သွင်းထားတဲ့အမျိုးသမီးတွေ သာမန်အမျိုးသမီးတွေလိုထက် ပိုပြီး ရင်သားကင်ဆာ ဖြစ်နိုင်ချေ မရှိပါဘူး။ သို့သော် ရင်သားဓာတ်မှန်ရိုက်ချင်သောအခါ ပုံမှန်သုံးနေကျ စက်များဖြင့် သုံး၍ မရနိုင်ပေ။ ပိုမိုအားကောင်းသော ဓာတ်မှန်စက်များ လိုအပ်ပါသည်။

 

၎။ ရင်သားသေးငယ်သော အမျိုးသမီးများသည် ရင်သားကြီးသော အမျိုးသမီးများထက် ကင်ဆာ ဖြစ်နိုင်ချေ နည်းပါးသည်။
ကင်ဆာသည် ရင်သားအရွယ်အစားနှင့် မဆိုင်ပါ။ ရင်သားကြီးပါက စမ်းသပ်ရ ခက်ခဲပြီး ဓာတ်မှန်ရိုက်သောအခါတွင်လည်း ပုံထွက်ကောင်းရန် အတော်ကြိုးစားရပါသည်။ ထို့ကြောင့် အသက်ကြီး၍ ရင်သားဓာတ်မှန်ရိုက်လိုပါက ရင်သားကြီးသည် သေးသည်နှင့် မဆိုင်ဘဲ အမျိုးသမီးတိုင်း စစ်ဆေးသင့်ပါသည်။

 

၅။ ရင်သားကင်ဆာသည် အမြဲတမ်း အလုံးအကျိတ်ပုံစံဖြင့် လာသည်။

အမျိုးသမီးအများစုသည် ရင်သားတွင် အလုံးအကျိတ် တစ်ခုခုစမ်းမိပါက ကင်ဆာဖြစ်မည်ကို စိုးရိမ်ကြသည်။ ကင်ဆာသည် အလုံးအကျိတ်ပုံစံ ဖြစ်နိုင်ပေမယ့် အခြားသော လက္ခဏာများဖြင့်လည်း လာတတ်သည်။ ၎င်းတို့မှာ ရင်သားရှိ အရေပြားယားယံခြင်း၊ ရင်သားနာကျင်ခြင်း၊ နို့သီးခေါင်း တိုဝင်သွားခြင်း (မွေးရာမဟုတ်)၊ ရင်သားသည် အခြားတစ်ဖက်ထက်စာလျင် နီပြီးရောင်နေခြင်း၊ အရေပြားများကွာခြင်း၊ နှိ့သီးခေါင်းပတ်လည်တွင် အဖုသေးသေးလေးများ ထွက်လာခြင်း၊ နှင့် နှိ့သီးခေါင်းမှ သွေး သို့မဟုတ် နို့မဟုတ်သော အရည်များထွက်ခြင်းတို့ ဖြစ်သည်။ ရင်သားကင်ဆာသည် ပျံ့နှံ့ပါက ချိုင်းရှိ ပျံရည်ကျိတ်များကို အရင်ဆုံးရောက်ပါသည်။ တစ်ခါတစ်လေတွင် ရင်သားတွင် ဘာအလုံးအကျိတ်မှ မရှိဘဲ ချိုင်းတွင်သာ အကျိတ်များကြီးနေသည်လည်း ရှိတတ်သည်။ တစ်ခါတစ်လေတွင်လည်း ဘာလက္ခဏာမျှ မပြဘဲ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရင်း ရင်သားဓာတ်မှန် ရိုက်လိုက်တော့မှ ကင်ဆာရှိနေတာကို သိတာမျိုးလည်း ရှိတတ်တယ်။

ရင်သားကင်ဆာ အမျိုးမျိုးရှိသည့်အနက် ရှားပါးသည့် အမျိုးအစား တစ်မျိုးမှာ inflammatory breast cancer (mastitis carcinomatosa) လို့ခေါ်တဲ့ ရင်သားရောင်ရမ်းခြင်း နဲ့တူတဲ့ ကင်ဆာ ဖြစ်ပါတယ်။ ၎င်းသည်အသက်ငယ်ငယ် အမျိုးသမီးများတွင် ဖြစ်တတ်ပြီး ရင်သားတွင် ပိုးဝင်၍ ရောင်ရမ်းသကဲ့သို့ လက္ခဏာများဖြင့် လာတတ်သည်။ ရင်သားကို ပိုးဝင်ပြီး ရောင်တဲ့အမျိုးသမီးတွေမှာ အဖျားရှိတတ်ပေမယ့် အခုကင်ဆာနဲ့ လာတဲ့အမျိုးသမီးတွေမှာတော့ အဖျားတက်ခြင်းများမရှိတတ်ပါ။

 
၆။ သင်သည် ရင်သားကို ခွဲစိတ်ထုတ်လိုက်ပြီးပါက ကင်ဆာ မဖြစ်နိုင်တော့ပါ။
တချို့ကင်ဆာတွေက ခွဲစိတ်လိုက်ပြီးကာမှ ကျန်ခဲ့တဲ့ အမာရွတ်နေရာမှာ ပြန်ဖြစ်တာတွေ ရှိတတ်တယ်။ ခွဲစိတ်စဉ်က ရောဂါမည်မျှ ဆိုးသလဲ နဲ့လည်း ဆိုင်ပါတယ်။ အနောက်တိုင်းတွင် ရင်သားကင်ဆာ မျိုးရိုးရှိသူများသည် အသက် ၄၀ ကျော်လာပါက ကင်ဆာကို ကာကွယ်သည့်အနေဖြင့် ရင်သား နှစ်ဘက်လုံးကို ခွဲစိတ်ကာ ထုတ်ထားလိုက်သည်။ အဆိုပါ လူနာများတွင်ပင် ကင်ဆာသည် လုံးဝ မဖြစ်ပါလို့ အာမခံ၍ မရပါ။

 

၇။ အဖေဘက်မှ အမျိုးများတွင် ရင်သားကင်ဆာ ဖြစ်ဖူးသူ ရှိပါက သင့်အား မထိခိုက်နိုင်ပါ။
အဖေဘက်မှ အမျိုးများ အထူးသဖြင့် အမျိုးသားတစ်ယောက်ယောက်မှာ ရင်သားကင်ဆာ ဖြစ်ပွားဖူးပါက သင်သည့် သတိထားသင့်သည်။

 

၈။ ကဖိန်းဓာတ်သည် ကင်ဆာဖြစ်စေနိုင်သည်။
အချို့အမျိုးသမီးများသည် ကော်ဖီ အများကြီးသောက်ပါက ရင်သားနာကျင်ခြင်းဖြစ်တတ်သည်။ အချို့ကလည်း ကော်ဖီအများကြီးသောက်ပါက ရင်သားကင်ဆာဖြစ်တတ်သည်ဟု ဆိုကြသည်။ ထိုအဆိုပြုချက်သည် ခိုင်မာသည့် အဆိုပြုချက်မဟုတ်သောကြောင့် ဆရာဝန် အများစုက လက်မခံချေ။

၉။ အသက်ငယ်စဉ်ကတည်းက ရင်သားတွင် ကင်ဆာမဟုတ်သည့် အလုံးအကျိတ်ရှိဖူးသူသည် ကင်ဆာဖြစ်နိုင်ချေ ပိုများသည်။
အတိတ်ကာလတုန်းက ရင်သားတွင် မာကျောကျစ်လစ်တဲ့ အလုံးအကျိတ်များရှိပါက ကင်ဆာပိုဖြစ်နိုင်တယ်လို့ ယုံကြည်ခဲ့ကြတယ်။ သို့သော်ယခု မမှန်တော့ပါ။ သို့သော် အဆိုပါအမျိုးသမီးများတွင် အလုံးများ ကင်ဆာအဆင့်သို့ ပြောင်းလဲသွားပါက သိနိုင်ရန် ခက်ခဲသည်။

၁၀။ ရင်သားဓာတ်မှန်ရိုက်လိုက်၍ ကင်ဆာမရှိပါက လုံးဝ စိုးရိမ်စရာမရှိပါ။
ရင်သားဓာတ်မှန်သည် ကင်ဆာအများစုကို ပုံရိပ်ဖော်နိုင်သော်လည်း ၁၀ မှ ၂၀ ရာခိုင်နှုန်းလောက်သော ကင်ဆာတွေကိုတော့ မဖတ်နိုင်ပါဘူး။ ဒါ့ကြောင့် မိမိကိုယ်ကို စမ်းသပ်ခြင်းက အရေးပါခြင်း ဖြစ်ပါတယ်။

0 comments:

Post a Comment