Monday, October 24, 2011

မိုးသည်းထန်စွာရွာသွန်းပြီး ပခုက္ကူ ဒေသတစ်ဝိုက် ရေနစ်မြုပ်ကာ လူ ၄၀ ဦး ၀န်းကျင်ပျောက်ဆုံးပြီး၊ လူပေါင်း ၁၅၀၀ ကျော် အား ကယ်ဆယ်ထားရကြောင်း ကနဦးသတင်းရရှိ (နောက်ဆက်တွဲသတင်းများ)

ချောင်းရေကြောင့် ၃ပိုင်းကျိုးသွားသော ရွှေချောင်းတံတားကိုတွေ့ရစဉ်
မိုးသည်းထန်စွာရွာသွန်းပြီး ဆည်၊ကန်၊ ချောင်းရေများလျှံတက်ကာ ပခုက္ကူမြို့ဒေသတစ်ဝိုက် ရေနစ်မြုပ်မှု ဖြစ်ပွားလျှက်ရှိကြောင်း ကနဦးသတင်းအရ လူပေါင်း ၄၀ ၀န်းကျင် ပျောက်ဆုံးလျှက်ရှိပြီး ၁၅၀၀ ကျော် အား ကယ်ဆယ်ရေးစခန်းဖွင့်လှစ် ကယ်ဆယ်ထားရေကြောင်း သတင်းရရှိပါသည်။
အထူးသဖြင့် ပခုက္ကူမြို့ အမှတ် (၃) ရပ်ကွက်မှာ ရေနစ်မြုပ်မှုဒဏ် အပြင်ထန်ဆုံး ခံစားရပြီး အိမ်ခြေ (၂၀၀) ကျော်မှာ ရေလွှမ်းမိုးခံရကြောင်း၊ ပခုက္ကူမြို့ တိလောကရာမ ကျောင်းတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ကာ အောက်တိုဘာလ (၂၁)ရက်နေ့ နံနက်ပိုင်း အထိ လူ (၁၅၀၀) ကျော်အား ကယ်ဆယ်ထားရကြောင်း သိရသည်။
အောက်တိုဘာလ (၁၇)ရက်နေ့တွင် မိုးစတင်ရွာသွန်းခြင်းဖြစ်ပြီး အောက်တိုဘာလ (၁၉) ရက်နေ့တွင် မိုးသည်ထန်စွာ ထပ်မံရွာသွန်းခြင်းကြောင့် ပခုက္ကူမြို့ရှိ ရွှေချောင်းအတွင်း ရေအလုံးအရင်းဖြင့် စီးဝင်ကာရွှေချောင်း တစ်လျှောက်ရှိ ဆိတ်၊နွား တိရိစ္ဆာန်များ အများအပြား မျောပါပျောက်ဆုံးခြင်း၊ လူနှင့် အိမ်ခြေများ ရေလွှမ်းခံရခြင်း များဖြစ်ပေါ်ခဲ့သည်။
ယခုရေနစ်မြုပ်ရာ ဒေသတစ်ဝိုက်တွင် ဆည် (၆)ခုနှင့် ရေကန် (၁၅)ခု ရှိပြီး အောက်တိုဘာလ (၁၇)ရက်နေ့က မိုးရွာသွန်းမှုကြောင့် ဆည်နှင့်ကန်များအတွင်း ရေအများအပြား ရှိနေခဲ့ကြောင်း၊ အောက်တိုဘာလ (၁၉) ရက်နေ့တွင် ထပ်မံ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလျှံကာ ရေနစ်မြုပ်ခြင်းဖြစ်ကြောင်း ကနဦးသတင်းများအရ သိရှိရသည်။
“ပခုက္ကူ အရှေ့ဘက်က မြို့နယ်အုပ်ချုပ်ရေးမှုးရုံ၊ ခရိုင်အုပ်ချုပ်ရေးမှုး ရုံးတွေနားမှာ ရှိတဲ့ တံတားကျိုးသွားတယ်။ ချောင်းရေကြောင့် ရေထဲပါသွားတဲ့ အိမ်ခြေက ၂၀၀ လောက်ရှိတယ်။ ကျူးကျော်ဖက်မှာဆိုရင် အိမ်ခြေ ၁၀၀ လောက်ရှိတယ် ” ဟု ပခုက္ကူမြို့ခံတစ်ဦးက ပြောကြားခဲ့ပါသည်။
ကူညီဆောင်ရွက်မည့် လူမှုရေးအဖွဲ့အစည်းများကလည်း ကူညီရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆက်သွယ်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

2:30 PM
ပခုက္ကူမြို့ အမှတ်(၁)ရပ်ကွက် ပေါက်လမ်းမပေါ်ရှိ ရွှေချောင်းတံတား၏ ရေလယ်တိုင်အမှတ်(၉) မှ (၁၃) အထိ ရေတိုက်စားခြင်းခံရကြောင်း၊ ရေလယ်တိုင် သုံးတိုင်ကျိုးကာ နှစ်တိုင်ကျန်ခဲ့ကြောင်း သိရှိရသည်။ "အောက်တိုဘာလ ၂၀ ရက် မနက်ပိုင်းမှာ တံတားကျိုးကျခဲ့တယ်၊ ချောင်းရေစီးနဲ့အတူ တဲအိမ် အလုံး ၂၀ လောက် ရေထဲမှာ မျောပါလာတာတွေ့ရတယ်၊ ဒီနေ့(အောက်တိုဘာလ ၂၁ ရက်)မနက် ၁၀ နာရီ ၀န်းကျင်မှာတော့ ရေပြန်ကျသွားတယ်" ဟု အမှတ်(၁) ဖောင်တော်ဦးရပ်ကွက် ဒေသခံတစ်ဦးက ပြောပါသည်။

4:30 PM
မိုးသည်းထန်စွာရွာသွန်းပြီး ပခုက္ကူ ဒေသတစ်ဝိုက် ရေနစ်မြုပ်ခြင်းကြောင့် အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီအထိ လူ ၁၄၇ ဦး သေဆုံးကြောင်း သိရှိရ။
၂၂ ရက် အောက်တိုဘာလ နံနက် ၀၈: ၅၀ နာရီ
Update News: "ရေလှိုင်းလာတာက မနက် ၆နာရီလောက်ဖြစ်မယ် ထင်တယ်။ လူလုံးတော့ သိတဲ့အချိန်ပဲ။ လူတွေလည်း ရေသံကြားတော့ ခဏတော့ကြာင်သွားတယ်။ နောက်တော့ လွတ်ရာပြေးရင်း ဘယ်သူဘာဖြစ်မှန်း မသိဘူး။သတိရတော့ ရေစီးကြောင်းရဲ့  အနောက်ဘက် မိုးကုတ်ဝိပသနာ ဓမ္မာရုံဘက် ရောက်နေပြီ။ ရေလှိုင်းလုံးက ဒီတစ်သက်မှာ မမြင်ဖူးဘူး။ အိမ် ၂လုံးစာ ၃လုံးစာလောက်မြင့်တယ် ထင်တယ်။ လူတစ်ယောက်ဆိုရင် သူ့အိမ်က အိမ်သား ၆ယောက်ကို ရေလှိုင်းကြားက ကယ်တင်နိုင်ခဲ့တယ်။ တချို့ ဆိုရင် ရေလှိုင်းကြားမှာ လက်ကလေးပြပြီး ပါသွားတာ
စိတ်မကောင်းစရာ တွေ့ရတယ်။ ၀ါးထောင်တွေလည်း ပေါတော့အမျိုးသမီး တစ်ယာက်ဆိုရင် မျောလာတဲ့ဝါးလုံးပုံထိပ် ဖက်တွယ်ရင်း ကျန်နေတယ်။ နောက်မှ ကယ်ဆယ်ရေးတွေ လာကယ်လို့ 
လွတ်သွားတယ်။ တချို့ ဆိုရင် ရေစီး တနေရာမှာတင်ကျန်နေလို့ ကရိန်းနဲ့ ပါကယ်ရတယ်။" ဟူ၍ ပခုက္ကူမြို့မှ မြို့ ခံ တစ်ဦးကပြောပြခဲ့သည်။
၂၂ ရက် အောက်တိုဘာလ နံနက် ၀၉: ၀၀ နာရီ
Update News: "မြို့ပေါ်က နာရေးကူညီမှု အဖွဲ့ တွေ ဒေသဆိုင်ရာ အာဏာပိုင်တွေ  က ကူညီကြသလို NGO အဖွဲ့ တွေလည်း လာရောက်ကူညီကြတယ်။ အောက်တိုဘာ လ ၂၁ရက်နေ့ အထိ ကယ်ဆယ်ရေးစခန်းတွေမှာ အိမ်ထောင်စု ၃၀၀ကျော် လူ ၁၂၀၀ကျော်ရောက်ရှိလာပြီး ဖြစ်တယ်။"ဟူ၍ ကယ်ဆယ်ရေးစခန်း ၁ခု မှတာဝန်ရှိသူ တစ်ဦး ကပြောပြသည်။
"ရေထဲ ပါတဲ့အိမ်အတော်များများဟာ ဂရန် မရှိတဲ့ ကျူးကျော် လို အိမ်ဆောက်နေလို့  အိမ်ထောင်စုစာရင်း အတိအကျ မရနိုင်ဘူးလို့ သိရတယ်။ လောလောဆယ်မှာ ရွှေချောင်း ထဲမှာ  အမှိုက်တွေဒိုက်တွေ သစ်ပင်တွေဖရိုဖရဲနဲ့ ပြန့် ကျဲနေတယ်။ လမ်းတွေလည်း ရွံ့ တွေပွ ရေထဲမမျောတဲ့  အိမ်တွေလည်း အမှိုက်တွေစုပုံကပ်နေလို့ ရှင်းလင်းနေတာကိုတွေ့ ရတယ်။"
ဟူ၍ဒေသခံ တစ်ဦး ကပြောပြသည်။
၂၂ ရက် အောက်တိုဘာလ နံနက် ၀၉: ၀၅ နာရီ
“ရေဘေး ဒုက္ခသည်တွေကို ပခုက္ကူမြို့ အခုရေတိုက်စားမှု ဖြစ်တဲ့နေရာရဲ့ အနောက်ဘက်မှာ ရေလွတ်တဲ့နေရာက တိလောကကျောင်း၊ မိုးကုတ်ဝိပသနာစခန်းတွေမှာ ကယ်ဆယ်ရေး စခန်းဖွင့်ထားပြီး ဓမ္မပါလကျောင်း၊ ရှစ်မျက်နှာကျောင်း၊ မတ်တထောင်ကျောင်း စတဲ့ကျောင်းတွေမှာ ထားတယ်။အောက်တိုဘာ ၂၁ရက်နေ့မှာ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်လာပြီး ရေဘေးဒုက္ခသည် တစ်အိမ်ထောင်ကို ၅၀၀၀ ကျပ်နှုန်းကူညီတာ ကိုတွေ့ရတယ်။ ဆန်အိတ်တွေ ဆေးအဟာရ လာလှုတဲ့ အဖွဲ့ အစည်းပေါင်းစုံကိုတွေ့ ရတယ်။ ရွှေချောင်းချောင်းထဲမှာဒိုက်တွေ၊ အမှိုက်သရိုက်တွေ၊ ၀ါးတွေ၊ အမြစ်က ကျွတ်ထွက်တဲ့သစ်ပင်တွေ ဖရိုဖရဲပျံ့ နေတာတွေတွေ့ရတယ်။” ဟု ရေဘေးဒုက္ခသည် တစ်ဦးကပြောပြသည်။

“အခု ရေလှိုင်းလုံးဒဏ်ကို အများဆုံးခံရတာကတော့ ပခုက္ကူ ဂငယ်ကွင်းရပ်ကွက် နဲ့ ရွှေကံသာအမှတ် ၃ ရပ်ကွက်တို့ ဖြစ်တယ်။ အများစုက ရေမလာတာ အနှစ်၂၀ လောက်ရှိတော့ ရွှေချောင်း ချောင်းခြောက်ထဲမှာ အိမ်ဆောက်နေကြတယ်။ ရေမလာတာကြာပြီဆိုတော့ ချောင်းခြောက်အဖြစ် လူသိများတယ်။ လူနေအိမ်အချို့ ကတော့ ဂရန်ရှိပြီး တချို့က ဒေသအခေါ် ပတ္တာမြေလို့ ခေါ်တဲ့ ဂရန်မရှိကြဘူး။ အေးငြိမ်းချမ်းသာေ ကျာင်းဆိုရင် မနှစ်က မှ ရေစက်ချလှူဒါန်းခဲ့တဲ့  အသစ်စက်စက် ပတ်ကား ၂ထပ် ကျောင်းဆောင်ကြီး ရေထဲမျောသလို စေတီလည်းမျောတယ်။ အေးငြိမ်းချမ်းသာကျောင်းမှာ သံဃာတော်၂ပါးရှိပြိး အသက်အန္တရာယ်မရှိဘူးလို့ သိရတယ်။ အမှတ် ၃ ဂငယ်ကွင်း က သန္တိသုခကျောင်းတိုက် ဆိုရင် အုတ်တိုက်ပဲကျန်ခဲ့ပြီး ကျန်တဲ့ကျောင်းက အဆောင်တွေ သစ်ပင်ပန်းမန်ပါမကျန် ရေထဲမျောပါတယ်။” ဟု ရေလှိုင်းဒဏ်ကြုံတွေ့သူ တစ်ဦးကပြောပြခဲ့သည်။

သက်တမ်း ၃၈နှစ်ရှိပြီး တံတားတိုင်အမှတ် ၉မှ  တိုင်အမှတ် ၁၃အထိ ရေတိုက်စားမှုဒဏ်ခံသော ရွှေချောင်းတံတားမှာ ပခုက္ကူမြို့ဧ။် အဓိက တံတားဖြစ်ကာ ပခုက္ကူမှအရှေ့ဘက်ပိုင်းတွင် မန္တလေး၊ မုံရွာ၊ မြင်းမူ၊ ရေစကြိုမြို့များ အနောက်ဘက်တွင် ပေါက်၊ ဂန့်ဂေါ၊ ကျောက်ထုမှ ချင်းပြည်နယ် အထိ ဆက်သွယ်ပေးရာ အဓိကတံတား ဖြစ်ကြောင်းသိရသည်။ အဆိုပါတံတားဧ။် အရှေ့ဘက်တွင် အမှတ် ၁ ဗုဒ္ဓကုန်း ၇ပ်ကွက်ရှိပြီး ရုံးများအခြေစိုက်ကာ အနောက်ဘက်တွင် ပေါက်လမ်းမြောက်ဘက် အတွင်း အောက်ကျင်းအမှတ် ၂ရပ်ကွက်တို့ ရှိကြောင်း သိရသည်။
  အခြားဆက်စပ်မှုရှိသောသတင်းများ
» မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းများပျက်စီးကာ ရန်ကုန်-ကျောက်ဖြူ ခရီးစဉ်များ ရပ်ဆိုင်းထားကြောင်းသိရ
» မြစ်သာမြစ်ရေကြီး ရေလျှံမှုများကြောင့် ကလေးမြို့၊ ဂန့်ဂေါမြို့တွင် ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ၊ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ဆက်သွယ်ရေး ပြတ်တောက်ခဲ့ရသည်ဟု သိရှိရ
» မိုးဆက်တိုက်ရွာသွန်းမှုနှင့် စလင်းဆည်ရေလွှတ်မှုကြောင့် ဆင်ဖြူကျွန်းဒေသ၌ ရေလွှမ်းမိုးမှုများ ကြုံတွေ့ခဲ့ရ
» ပုဂံညောင်ဦးတွင် စံချိန်သစ်တင်မိုး ထပ်မံရွာသွန်းခဲ့မှုကြောင့် ရှေးဟောင်းဘုရားနှင့်အဆောက်အဦးတစ်ချို့ ပြိုကျပျက်စီးမှုရှိခဲ့
» ကျောက်ဆည်မြို့တွင် အိမ်ထောင်စုပေါင်း ၄၀၀ စုကျော်နှင့် လူဦးရေ ၁၉၅၀ ဦးကျော်မှာ ရေဘေးကယ်ဆယ်ရေး စခန်းများ၌ နေထိုင်နေကြရဆဲဖြစ်

0 comments:

Post a Comment