Wednesday, October 19, 2011

ရခိုင်ကမ်းရိုးတန်း၌ မုန်တိုင်းစတင်ဝင်ရောက်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသော မုန်တိုင်းသည် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ စတင် ၀င်ရောက်လျှက်ရှိပြီး ရခိုင်ပြည် မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းသို့ ဖြတ်ကျော်သက် ရောက်နိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ဘင်္ဂလားဒေ့ရှ် စစ်တကောင်းကြားတွင် ၃၆ နာရီအတွင်း မုန်တိုင်း ၀င်ရောက်နိုင်ကြောင်း မောင်တောမြို့ပြန်ကြားရေးဌာနမှ ထုတ်ပြန်ကြေညာကြောင်း သိရသည်။
မောင်တောမြို့တွင် မိုးအဆက် မပြတ်ရွာသွန်းပြီး လေတိုက်နှုန်းပိုမို ပြင်းထန်လာကြောင်း၊ ၃၆ နာရီအတွင်း တစ်နာရီလျင် မိုင် ၆၀ မှ ၈၀ အကြားရှိ မုန်တိုင်းတစ်ခုသည် မောင်တောမြို့နှင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အကြားဝင်ရောက် တိုက်ခတ်နိုင်ကြောင်း မောင်တောမြို့ ပြန်ကြားရေးဌာနမှ သတိပေးကြေညာကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နှင့် စစ်တွေမြို့တို့တွင် အောက်တိုဘာ လ ၁၈ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး အောက်တိုဘာလ ၁၉ ရက်အထိ မိုးသက်လေပြင်းများ ကြ ရောက်ခဲ့ကြောင်း၊ စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်၊ အိုး တန်းရပ်ကွက်၊လမ်းမတော်ရပ်ကွက်တို့တွင် လေဆင်နှာမောင်းတိုက်ခတ်ခဲ့၍ အိမ်ခေါင်မိုးများလှန်ခြင်း၊ သစ်ပင်များကျိုးကျခြင်းများ ဖြစ်ပေါ်ခဲ့သည်။ စစ်တွေမြို့တွင် အောက်တိုဘာလ ၁၈ ရက် ညနေမှစ၍ မိုးရွာသွန်းခဲ့သောကြောင့် ၁၉ ရက်နေ့ နံ နက် ၉ နာရီအချိန်တွင် မိုးရေချိန် ၇ ဒသမ ၆၀ လက်မရှိခဲ့ကြောင်း စစ်တွေမြို့ မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။ 
''စစ်တွေမြို့မှာ မိုးအဆက်မပြတ်ရွာပြီး လေပြင်းတိုက်ခတ်နေလို့ မြို့ပေါ်လမ်းတွေမှာ လူအသွားအလာ နည်းပြီးဈေးဆိုင်တွေလည်း ပိတ်ကုန်ပြီ'' ဟု စစ်တွေမြို့မှ ဒေသခံတစ်ဦးက မွန်းလွဲ ၁ နာရီခန့်တွင် ပြောကြားခဲ့ပါသည်။
ရခိုင်ပြည်နယ် မောင်တောမြို့တွင်လည်း အောက်တိုဘာလ ၁၈ ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်းခဲ့ကြောင်း အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှစ၍ လေပြင်းများတိုက်ခတ်ခဲ့ကြောင်း၊ တစ်နာရီလျှင်မိုင် ၄၀ ခန့် တိုက်ခတ်ခဲ့ကြောင်း သိရသည်။
''ဒီနေ့ မနက် ၁၀ နာရီကစပြီး လေကတ၀ုန်းဝုန်းနဲ့ တိုက်ခဲ့တယ်။ ခဏရပ်လိုက်၊ ပြန်တိုက်လိုက်နဲ့ အဆက်မပြတ်ဘဲ။ လမ်းပေါ်မှာလည်း လူတွေကမရှိတော့ဘူး။ အိမ်ထဲမှာပဲ နေနေကြရပါတယ်။ အခုလေတိုက် နှုန်းကပိုပြီးများလာတယ်။ ဈေးဆိုင်တွေလည်း အကုန်ပိတ်သိမ်းကုန်ကြပါပြီ'' ဟု မောင်တောမြို့ဒေသခံတစ်ဦးက အောက်တိုဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ပြောကြားခဲ့သည်။ ''လေမုန်တိုင်းက ၃၆ နာရီအတွင်း မြောက်ဖက်အရပ်ကနေ အရှေ့မြောက်ဖက်ကိုရွှေ့နိုင်လို့ စစ်တွေ၊ ရသေ့တောင်နဲ့ မောင်တောမြို့နယ်တွေ သတိပြုရပါမယ်''ဟု စစ်တွေ မြို့မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
ယခုညနေ ၃ နာရီခွဲလောက်မှာတော့ "လေနည်းနည်းငြိမ်သွားပြီး မိုးကလည်းရပ်သွားပြီ" ဟု မောင်တော ဒေသခံတစ်ဦးက ပြောသည်။

0 comments:

Post a Comment