အိမ်ထောင်ရေးဆိုသော စကားလုံးကို ပြောလိုက်လျှင် လူငယ်တော်တော်များများသည် ခပ်ပေါ့ပေါ့ ပြောတတ်ကြသည်။ ခပ်ပေါ့ပေါ့ စဉ်းစားတတ်ကြသည်။ တကယ်တော့ အိမ်ထောင်တစ်ခုကို တည်ဆောက်ရာတွင် အခုလို စဉ်းစားတွေးခေါ်လျှင် မကြာခင်ကာလအတွင်း ပျက်စီးသွားတတ်ကြစမြဲပင် ဖြစ်သည်။ အိမ်ထောင်တစ်ခုကို ပြုတော့မည်ဆိုလျှင် ယောက်ျားလေးဘက်ကရော မိန်းကလေးဘက်ကပါ အထူးပင် စဉ်းစားဆင်ခြင်သင့်ကြသည်။ ကျွန်ုပ်အနေနှင့် အိမ်ထောင်ရေးအကြောင်းကို ကောင်းကောင်းနားမလည်ပါ။ သို့သော် ကျွန်ုပ်တွေးခေါ်မိသလောက် တင်ပြရမည်ဆိုလျှင် အိမ်ထောင်ရေးသည် ချိန်ခွင်လျှာပမာ ဘက်မလိုက်ပဲ အရာအားလုံးကို ထိန်းညှိနေထိုင်ရသော ဘ၀ဟု သတ်မှတ်လိုက်ချင်ပါသည်။ ချိန်ခွင်တစ်ခုကို ဆုပ်ကိုင်ပြီး လိုအပ်သော ပစ္စည်း အလေးချိန်များကို တိုင်းတာရာတွင် တဖက်စောင်းနင်း မဖြစ်အောင် ချိန်ခွင်လျှာက ထိန်းညှိပြီး ပြသရသလို အိမ်ထောင်ရေးတွင်လည်း အရာရာကို အခုလိုပင် ထိန်းညှိရပေမည်။ အနီးစပ်ဆုံး ပြောရလျှင် မတူညီသော အသိုင်းအ၀န်းနှစ်ခုကို အိမ်ထောင်သည် လင်နှင့် မယားက စတင်အခြေပြုပြီး ပေါင်းစပ်သည့်အတွက် ထိုအသိုင်းအ၀ိုင်းနှစ်ခုရဲ့ တဖက်စောင်းနင်း မဖြစ်ရအောင်၊ နိုင်ထက်စီးနင်း မဖြစ်ရအောင်၊ ဒီလင်မယားနှစ်ယောက်က တိုင်တိုင်ပင်ပင် ထိန်းညှိယူနိုင်မှ တော်ကာကျပေလိမ့်မည်။ သို့မဟုတ်ပါက မလိုလားအပ်သော အခြေအနေအရပ်ရပ်ကို ရင်ဆိုင်ရကာ အိမ်ထောင်တစ်ခု မပျက်စီးသည့်တိုင် စိတ်ထွေပြားမှုများကို လင်ရော မယားပါ ခံစားနိုင်ဖွယ်ရာ ရှိပေမည်။
မိန်းကလေးဘက်က ဆင်းရဲမယ်။ ယောက်ျားလေးဘက်က ပိုက်ဆံရှိ အသိုင်းအ၀န်းတစ်ခုဖြစ်မယ်။ ဒါဆိုရင် သူတို့ ပေါင်းစပ်ချိန်မှာ ယောက်ျားလေးဘက်က မိန်းကလေးဘက်ကို နှိမ်ချပြောဆိုဆက်ဆံမယ်။ ဒါကို လင်ယောက်ျား အိမ်ထောင်ဦးစီးက အလိုက်သိသိ လိမ္မာပါးနပ်စွာ ဖြေရှင်းဆက်ဆံတတ်ရမယ်။ ဒီလိုမှ မဟုတ်ခဲ့ရင် အိမ်ထောင်တစ်ခုမှာ အစကနဦးတည်းက စိတ်အနှောက်အယှက်ကို စတင် ကြုံတွေ့ရမှာ မလွဲပေ။
မိန်းကလေးက ရုပ်ချောတယ်။ ပိုက်ဆံတော့ မချမ်းသာဘူး။ ပညာတတ်တစ်ယောက် ဖြစ်ဦးတော့ ယောက်ျားလေးအသိုင်းအ၀န်းက အခုလို မဆက်ဆံကြပြန်ဘူး။ သြော်သူကလည်း ပညာတတ်တစ်ယောက်ကိုးဟုသာ ဖြေသိမ့်ပြောဆိုတတ်ကြပြန်သည်။ ဒီတော့ အနှစ်ချုပ်လိုက်ရင် ယောက်ျားလေးဘက်ကဖြစ်စေ၊ မိန်းကလေးဘက်က ညီတူမျှတူ ဖြစ်စေလောက်သော ကောင်းခြင်းအရာလေးများ ပါရှိပါက ထိုသို့သော အရှုပ်အထွေးများမှ လွတ်ကင်းနိုင်ပါမည်။ ပညာမတတ်လျှင် စီးပွားတိုးတက်မှုရှိသူ၊ ရုပ်မချောသော်လည်း ပညာတတ်သူ၊ စီးပွားမရှာတတ်သော်လည်း ရုပ်ရည်အသင့်အတင့်နှင့် ပညာတတ်သူများ ပေါင်းစပ်နိုင်လျှင် မျှခြေတစ်ခုကို တည်ဆောက်နိုင်ကောင်းပေလိမ့်မည်။ ပညာတတ်ချင်း၊ စီးပွားရှိသူချင်း၊ ရုပ်ချောသူချင်း ပေါင်းစပ်သည့်တိုင်အောင် ချိန်ခွင်လျှာလို မျှခြေတစ်ခုကို မတည်ဆောက်နိုင်သေးသည့် အိမ်ထောင်ရှင်များစွာလည်း ရှိသေးသည်။
အိမ်ထောင်သည် ယောက်ျားလေးတစ်ယောက်အနေနှင့် အိမ်ထောင်ဦးစီးတစ်ယောက် ဖြစ်လာသည်နှင့်အညီ အတွေးအခေါ် အယူအဆ လုပ်ဆောင်မှုအရပ်ရပ်ကအစ ပြုပြင်ပြောင်းလဲရသည်။ စကားအပြောအဆို ဆင်ခြင်ရသည်။ အရာရာကို မျှော်မြင်တွေးတောရသည်။ ပြဿနာအရပ်ရပ်ကို ကြိုတင်တွက်ဆ ဖြေရှင်းနိုင်ရမည်။ ထိုသို့မှ မဟုတ်လျှင် အိမ်ထောင်ဦးစီး ယောက်ျားလေးပင် ဖြစ်လင့်ကစား မိန်းကလေးဖြစ်သူက ဦးစီးသွားပေလိမ့်မည်။ အိမ်တစ်အိမ်တွင် အိမ်ရှေ့ ထမိန်လှမ်းထားသောအိမ်သည် ဘယ်သောအခါမှ သာယာငြိမ်းချမ်းခြင်းကို တည်ဆောက်လို့ မရနိုင်တော့ပါ။
အိမ်ထောင်ရေး၏ သော့ချက် (၃) ခု…………
ကျွန်ုပ်နားလည်သော အိမ်ထောင်ရေးတွင် သော့ချက် (၃) ခုရှိနေသည်။ ထိုသုံးချက်သည် အခြေအနေပေါ်မူတည်ပြီး ဦးစားပေးကွာသွားသည်။ ပထမ၊ ဒုတိယ၊ တတိယ တူညီချင်မှ တူညီမည်။ သို့သော် ဒီအချက်သုံးချက်ကိုတော့ ကျွန်ုပ်လေ့လာတွေ့ရှိသည်။ (၁) အချစ်၊ (၂)၊ ငွေကြေး (၃) နားလည်မှုပင် ဖြစ်သည်။ လက်လုပ်လက်စား သာမာန်မိသားစုအတွက် အိမ်ထောင်ရေးအသိတွင် ငွေကြေးသည် ပထမ ဦးစားပေး အခြေအနေတွင် ရှိနေသည်။ အူစိုအောင် စားသောက်နိုင်ဖို့နှင့် လှပအောင် ၀တ်ဆင်နိုင်ဖို့ ဖြေရှင်းပြီးသည့်နောက်တွင် အချစ်သည် ဒုတိယနေရာမှ နေရာယူလာပြန်သည်။ အချစ်ပြီးမှ နားလည်မှုကို တည်ဆောက်ကြပြန်သည်။ သို့သော် တချို့သော မိသားစုများတွင် နားလည်မှုကို ဦးစွာ တည်ဆောက်ပြီးမှ အချစ်တစ်ခုအတွက် ငွေကြေးကို ရှာဖွေမှု ပြုကြပြန်သည်။ နေ့စားလုပ်သားတစ်ဦးရဲ့ အိမ်ထောင်ရေးကို ဆန်းစစ်ကြည့်လျှင် တွက်ချေကိုက်အောင် လောက်ငှသည့် ၀င်ငွေကို တနေ့တာ မရှာဖွေနိုင်ပါက အိမ်ကိုပြန်လျှင် အိမ်သူရှင်မက ဗြစ်တောက် ဗြစ်တောက်နှင့် အသံဗလံများကို ကြားရစမြဲပါ။ လုံလုံလောက်လောက်နှင့် နေ့ထွက်ကိုက်ပြီဆိုပြန်လျှင်လည်း သာယာနာပျော်ဖွယ် ချစ်စကား၊ သံယောဇဉ်စကားသံလေးများ လွှမ်းခြုံနေကာ နားလည်မှုများစွာနဲ့ အိပ်ယာဝင်ကြပြန်သည်။ သူတို့လေးတွေဘ၀တွေမှာ အိမ်ထောင်ရေး ဒဿနကား ထိုသို့ပင်ဖြစ်လေတော့သည်။
လူကုံထံအသိုင်းအ၀န်းကြားက အိမ်ထောင်ရေးတွင်မူကား သာမာန်လူတန်းစားထက်ပင် ပိုမိုဆန်းကျယ်လှသည်။ ငွေကြေးကို ဦးစားပေးမိပြန်လျှင် အိမ်ထောင်ရေးတွင် သာယာမှုတွေ လျော့ပါးလာပြန်သည်။ အချစ်ကို ဦးစားပေးမိပြန်လျှင်လည်း စည်းစည်းလုံးလုံးနဲ့ ပျော်ပါးသည့်အသံများကို ကြားရပြန်သည်။ သို့သော် တချို့ကျတော့ အဲလိုမဟုတ်။ ငွေကြေးနောက်ကို လိုက်ပြီး အချစ်ကို အိမ်ထောင်ရေးဘ၀ထဲတွင် ယူဆောင်မထားပဲ ပြင်ပတွင် ထားတတ်ကြပြန်သည်။ ထိုအခါ နားလည်မှုတွေ လုံးပါးပါးပြီး နောက်ဆုံးတွင် အိမ်ထောင်သာယာမှုနည်းပါးသွားကြသည်။
သို့ဖြစ်သဖြင့် ကျွန်ုပ်နားလည်သော အိမ်ထောင်ရေး၏ အဓိက သော့ချက် (၃) ချက်သည် အိမ်ထောင်တစ်ခုအတွင်းတွင်သာ တည်ဆောက်နိုင်မှသာလျှင် ပိုမိုကောင်းမွန်ပါလိမ့်မည်။ ကျွန်ုပ်၏ ကိုယ်ပိုင်အတွေးအခေါ် အိမ်ထောင်ရေး သော့ချက် (၃) ချက်သည် သင့်ဘ၀အတွက် အထောက်အကူပြုနိုင်ခဲ့လျှင် သင်၏ ရင်တွင်းစကားများကို ကျွန်ုပ်ကြားချင်မိပါသည်။

0 comments:
Post a Comment