Tuesday, October 25, 2011

ရွှေချောင်းအတွင်း အောက်တိုဘာ ၂၂ ရက်တွင် အလောင်း ရှစ်လောင်း ထပ်မံတွေ့ရှိ

ရန်ကုန်၊ အောက်တိုဘာ - ၂၂ ပခုက္ကူမြို့ ရွှေချောင်းအတွင်းမှ အောက်တိုဘာ ၂၂ ရက်တွင် အလောင်းများ ထပ်မံတွေ့ရှိရကြောင်း သတင်းရရှိသည်။

ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် နီးစပ်သူအချို့က တရားဝင် စာရင်းအရ ယနေ့တွင် ရွှေချောင်းတစ်လျှောက် သဲနုန်းများအောက်မှ ရှစ်လောင်း ထပ်မံတွေ့ရှိရသည်ဟု ပြောသည်။ အောက်တိုဘာ ၂၁ ရက်ကလည်း မနက်ပိုင်းတွင် ရှစ်လောင်းနှင့် ညနေပိုင်းတွင် နှစ်လောင်း ထပ်မံတွေ့ရှိသည်။ ထို့ကြောင့် အောက်တိုဘာ ၂၂ ရက် ညနေအထိ အလောင်း ၇၀ တွေ့ရှိပြီးဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ စာရင်းကိုကြည့်၍ ဒေသခံအချို့က ပြောသည်။

သို့သော် လူသေဆုံး၊ ပျောက်ဆုံးနှင့် ဒုက္ခသည်စာရင်းများ ပြုစုနေသော အာဏာပိုင်များထဲမှ တစ်ဦးက အထက်သို့ ၅၈ ဦးသာ ပျောက်ဆုံးသည်ဟု တင်ပြထားပြီး၊ ၂၀ ဦးဝင်းကျင်သာ အလောင်းပြန်ရသေးသည်ဟု ဆိုသည်။ ၎င်းက အောက်တိုဘာ ၂၂ ရက်တွင် ထပ်မံတွေ့ရှိရသော ရုပ်အလောင်းမှာ ရှစ်လောင်မဟုတ်ဘဲ လေးလောင်းသာ ရှိသည်ဟု ဆိုပြန်သည်။

ဧရာဝတီမြစ်အတွင်း အလောင်းများ လိုက်လံကူညီဆယ်ယူပေးနေသည်အချို့ကမူ အောက်တိုဘာ ၂၂ ရက်အထိ အလောင်း ၁၀၀ ကျော် ဆယ်ယူပေးခဲ့ပြီဖြစ်ကြောင်း ပြောသည်။

"သူတို့က ပျောက်ဆုံးစာရင်းကို ၅၈ ဦးနဲ့ ရပ်ထားတယ်။ ထပ်လာလည်း မတိုးတော့ဘူး။ သူတို့ဆီကို စာရင်းမပို့နိုင်တဲ့လူတွေ၊ မိသားစုလိုက် သေကုန်လို့ စာရင်းထဲမပါတဲ့လူတွေက အများကြီးပဲ" ဟု မြို့ခံတစ်ဦးကလည်း ပြောသည်။

ကယ်ဆယ်ရေးစခန်း သုံးခုတွင် အိမ်ထောင်စု ၃၂၀ ကျော်မှ ဒုက္ခသည် ၁၇၀၀ ကျော်ကို ဒေသခံပြည်သူများ၊ အစိုးရနှင့် အဖွဲ့အစည်းအချို့က အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းများ လှူဒါန်းလျှက်ရှိသည်။ သို့သော် ရေဘေးဒုက္ခသည်အများစုမှာ ရေစီးကြောင့် နေအိမ်များပါ ရေထဲမျောပါသွားကြခြင်းဖြစ်၍ ၎င်းတို့ ပြန်လည်ထူထောင်နိုင်ရန် လူသုံးကုန်နှင့် အိမ်သုံးပစ္စည်းများ လိုအပ်လျက်ရှိကြောင်း သတင်းရရှိသည်။ ထို့ကြောင့် လှူဒါန်းလိုသူများအနေဖြင့် အမိုးအကာ၊ ဒန်အိုးဒန်ခွက်၊ အ၀တ်အထည် စသော ပစ္စည်းများကို လှူဒါန်းသင့်ကြောင်း ဒေသအာဏာပိုင်နှင့် မြို့ခံများက ပြောသည်။

0 comments:

Post a Comment