Saturday, October 8, 2011

ငမိုးရိပ်ချောင်းအတွင်း မိကျောင်းတွေ့၍ လိုက်လံရှာဖွေ ဖမ်းဆီးနေ





4276
ငမိုးရိပ်ချောင်းတွင်း သွားလာနေသော မိကျောင်းအား အောက်တိုဘာလ ၃ ရက်နေ့တွင် တွေ့ရစဉ်
၂၀၁၁ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ငမိုးရိပ်ချောင်းအတွင်း တစ်နေရာ၌ မိကျောင်းတစ်ကောင် တွေ့ရှိသောကြောင့် သက်ဆိုင်ရာ ဖမ်းဆီးရေးအဖွဲ့များ လိုက်လံရှာ ဖွေနေကြောင်း သိရသည်။
အဆိုပါ မိကျောင်းသည် အမှတ် ၅၂၅ မေယုလမ်း စက်မှုဇုန်(၁) (၂၃) ရပ်ကွက် မေယုရေထွက်ကုန် ပစ္စည်းများ ကုမ္ပဏီလီမိတက်၏ အနောက်ဘက် ချောင်းကမ်းနား ငါးသင်္ဘော ဆိုက်ကပ်သည့် နေရာအနီး၌ တွေ့ရှိခဲ့ကြောင်း သိရသည်။
4276a
မိကျောင်းအား လာရောက်ကြည့်ရှုသူများ ယင်းမိကျောင်းကို အောက်တိုဘာလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်မှ စတင်တွေ့ရှိခဲ့ကြောင်း၊ စက်ရုံမှ တာဝန်ရှိသူများက အဆိုပါ မိကျောင်းအား ဖမ်းဆီးရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းသို့ အကြောင်းကြားခဲ့ပြီး အောက်တိုဘာလ ၄ ရက် နေ့ နံနက် ၁၀ နာရီအချိန်အထိ ဖမ်းဆီးရန် ဆောင်ရွက်နေကြောင်း သိရှိရသည်။
ယင်းကဲ့သို့ မိကျောင်းအချိန် အတန်ကြာစွာ တွေ့ရှိရခြင်းနှင့် ပတ်သက်၍ မေယုရေထွက်ကုန် ပစ္စည်းများ ကုမ္ပဏီလီမိတက်၏ တာဝန်ရှိသူတစ်ဦးက “အဲဒီ မိကျောင်းကို ကျွန်တော်တို့ ကုမ္ပဏီက၀န်ထမ်းတွေက အောက်တိုဘာလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၀န်းကျင်က စတင်တွေ့ရှိခဲ့ပါတယ်။ မိကျောင်းက ကမ်းနားမှာနေလိုက်၊ လူတွေကအသံ ပေးလိုက်ရင် မိကျောင်းကချောင်းထဲ ကိုပြန်ဆင်းလိုက် ခဏဏဖြစ်ပါတယ်။ လူတွေကိုတော့ အန္တရာယ်ပြုချင်တဲ့ ပုံစံ မပေါက်ပါဘူး။ စက်ရုံရဲ့သက်တမ်းမှာတော့ ပထမဦးဆုံးအကြိမ် ဖြစ်တာပါ” ဟု ပြောကြားခဲ့သည်။
မိကျောင်းအား မျက်မြင်တွေ့ရှိသူ တစ်ဦးကလည်း “အဲဒီမိကျောင်း ရောက်နေတဲ့နေရာက ရေထွက်ကုန် ပစ္စည်းကုမ္ပဏီနှစ်ခုရဲ့ အနောက်ဘက် ရေထွက်ကုန်ပစ္စည်း စွန့်ပစ်တဲ့ နေရာ အနီးဝန်းကျင်ဖြစ်ပါတယ်” ဟုဆိုပါသည်။ မိကျောင်းမှာ ပေ ရှစ်ပေကျော်ခန့် ရှည်လျားကြောင်း သိရှိရသည်။ 

0 comments:

Post a Comment